ဘဂ္ဂဒတ်၌ အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွား၍ လူ ၈ဦးသေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိ

ဘဂ္ဂဒတ်၌ အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွား၍ လူ ၈ဦးသေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိ

ဘဂ္ဂဒတ်၊ အီရတ်၊ ဇန်နဝါရီ ၁၄ ။         ။ အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် စနေနေ့က အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး လူ ၈ ဦးခန့်သေဆုံးကာ ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်အာဏာပိုင်များက ပြောခဲ့သည်။

ရဲတပ်ဖွဲ့နှင့် ဆေးရုံမှ တာဝန်ရှိသူများ၏ အဆိုအရ ပြီးခဲ့သောစနေနေ့က ဘဂ္ဂဒတ်မြို့မြောက်ပိုင်းအရပ်ရှိ လူစည်ကားသောလမ်းမကြီးပေါ်မှ ရဲတပ်ဖွဲ့၏စစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထားသော အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားထဲ၌ ရဲအရာရှိများပါဝင်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်သည် ဘဂ္ဂဒတ်မြို့မြောက်ပိုင်းမှ အေဒင်ရင်ပြင်အနီး၌တည်ရှိကြောင်း ဘဂ္ဂဒတ်စစ်တိုင်း ဌာနချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကမှ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း အီရတ်နိုင်ငံတွင်ဖြစ်ပွားသော ထိုကဲ့သို့အသေခံဗုံးခွဲတိုက်ခိုက်မှုများ ကို အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ကသာ အများဆုံး ကျူးလွန်လေ့ရှိသည်။

ပြီးခဲ့သောဒီဇင်ဘာလက အီရတ်အစိုးရသည် IS တို့နှင့် တိုက်ခိုက်နေသောစစ်ပွဲများ အဆုံးသတ်သွားပြီဟု ကြေညာခဲ့သည်။

အီရတ်အစိုးရတပ်ဖွဲ့သည် IS တို့ထိန်းချုပ်ထားခဲ့သော မြို့ပြနယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော ကြောင့် အဆိုပါအစွန်းရောက် စစ်သွေးကြွများအနေဖြင့် အင်အားလျော့နည်းခဲ့ရပြီး အီရတ်နိုင်ငံအတွင်း၌ အကြမ်းဖက်လုပ်ရပ်များ လျော့ကျသွားရာမှ ယခုအခါတွင် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly