မွန်အမျိုးသား နိုင်ငံရေးပါတီ တစ်ခုတည်း ဖြစ်ပေါ်ရေးအတွက် မွန်ပြည်သူ့ ညီလာခံ ကျင်းပ

မွန်အမျိုးသား နိုင်ငံရေးပါတီ တစ်ခုတည်း ဖြစ်ပေါ်ရေးအတွက် မွန်ပြည်သူ့ ညီလာခံ ကျင်းပ
 ဓာတ်ပုံ (Mon News Agency မြန်မာ )ဖေ့ဘုတ်

ချင်းမိုင်၊ ဇန်နဝါရီလ ၁၄  ။          ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသား တစ်ပါတီထဲ ဖြစ်စေရန်အတွက် မွန်လူထု လူတန်းစာပေါင်းစုံ ပါဝင်သော မွန်နိုင်ငံရေး ညီလာခံကို ဇန်နဝါရီလ ၁၃ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ပေါ်တန်းရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင်  စတင်ကျင်းပနေသည်။

ညီလာခံတွင် မွန် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးအစုအဖွ့ဲ့များ၊ မွန်နိုင်ငံရေးခေါင်းဆောင်းများ၊ မွန်လူငယ်၊ မွန်အမျိုးသမီး အဖွဲ့များ၊ မွန်လူမှု အခြေပြုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ရာမညအင်အားစု အဖွဲ့များ အပါအဝင် စုစုပေါင်း ၈၀၀ ကျော် တက်ရောက် ဆွေးနွေးနေသည်ဟု မွန်ပြည်သူ့ ညီလာခံ ကျင်းပရေးကော်မတီမှ ဒုတိယ တာဝန်ခံ ဦးမင်းမင်းနွယ်က ပြောသည်။

“မွန်တိုင်းရင်းသားပါတီတွေက ၂၀၁၀ ရွေးကောက်ပွဲမှာ အင်အားကြီးတဲ့ အန်အယ်ဒီ၊ ပြည်ခိုင်ဖြိုးပါတီတွေက ကျွန်တော်တို့ ပြည်နယ်၊ ကျွန်တော်တို့ ဒေသမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခါကြတော့ ကျွန်တော်တို့ မွန်ပါတီတွေ ၂ ခု၊ ၃ ခု ဖြစ်နေတဲ့ အခါကြတော့ အင်အားက စုစည်းမှု မဖြစ်ဘူးလေ။ အဲဒါပါတီ ၂ခု၃ ခုဖြစ်နေတာကို စုစည်းလိုက်ရင် အင်အားတောင့်တင်းတဲ့ တိုင်းရင်းသားပါတီ တစ်ခုပေါ်လာမယ်။ ပြည်မပါတီ လာယှဉ်တဲ့အခါကြရင် ကျွန်တော်တို့က ယှဉ်ပြိုင်နိုင်မဲ့သဘော ရှိတာပေါ့၊ အဲဒီကိစ္စကို အနာဂတ် ၂၀၂၀မှာ ၂၀၁၅ ပုံစံမျိုး ပြဿနာ မရင်ဆိုင်ရအောင် ကျွန်တော်တို့က ဘယ်လို နည်းလမ်းနဲ့ သွားရင် ကောင်းမလဲဆိုတာ ညီလာခံခေါ်ပြီးတော့ အဖြေဝိုင်းရှာကြတာ”ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ ပထမနေ့ ညီလာခံတွင် တက်ရောက်လာသော အဖွဲ့အစည်းများမှ နိုင်ငံရေး စာတမ်းများ တင်ပြပြီး ယင်းစာတမ်းအပေါ် ညီလာခံ တက်ရောက်လာသော အစုအဖွဲ့များ ခွဲ၍ ဆွေးနွေးခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

“စာတမ်းတင်တဲ့အပေါ်မှာ မွန်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ပါတီက ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲ။ နောက်ပြီး တော့ အဲဒီပါတီက ဘယ်လို အင်္ဂါရပ်တွေ ရှိသလဲပေါ့။ အားကောင်းတဲ့နိုင်ငံရေးပါတီတစ်ခု ဖြစ်ဖို့ အတွက် ဘာတွေများ လုပ်ဆောင်ဖို့ နည်းလမ်းတွေ ရှိလဲပေါ့။ အဲဒါကို အစုအဖွ့ဲ ၁၀ ဖွဲ့လောက်ဖွဲ့ပြီးတော့ ဆွေးနွေးကြ တယ်”ဟု ဦးမင်းမင်းနွယ်က ပြောသည်။

မွန်နိုင်ငံရေးပါတီများ ပူးပေါင်းရေးအတွက် ညီလာခံ ကျင်းပခြင်း ဖြစ်သေ်ာလည်း ထိုညီလာခံတွင် လက်ရှိ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ခုတို့က ပါတီအနေဖြင့် တက်ရောက်လာခြင်း မရှိဘဲ နိုင်ငံရေး ခေါင်းဆောင်များ အဖြစ်သာ တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။

ညီလာခံသို့ မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီမှ နိုင်ဟံသာဗွန်ခိုင် ဦးဆောင်သော ကိုယ်စားလှယ် ၁၂ ဦးသည် လေ့လာသူအဖြစ် တက်ရောက်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ထိ ညီလာခံကို ကျင်းပသွားမည် ဖြစ်ပြီး တူညီသော သဘောထားများကို ချမှတ်၍ ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly