ကချင်နိုင်ငံရေးပါတီ ၃ ခု တစ်ပါတီအဖြစ် ပူးပေါင်းရန် သဘောတူလက်မှတ်ရေးထိုး

ကချင်နိုင်ငံရေးပါတီ ၃ ခု တစ်ပါတီအဖြစ် ပူးပေါင်းရန် သဘောတူလက်မှတ်ရေးထိုး

ချင်းမိုင်၊ ဇန်နဝါရီလ ၁၄ ။       ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းလိုက်ပြီး ပါတီတစ်ခုထဲ ထူထောင်ရန် ဇန်နဝါရီလ ၁၃ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးလိုက်သည်ဟု ကချင်ပါတီခေါင်းဆောင်များက ပြောသည်။

 မြစ်ကြီးနားမြို့ YMCA ခန်းမတွင် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC)မှ ခေါင်းဆောင်များ ပါတီ ပေါင်းစည်းရေးအစည်းအဝေးကို ဇန်နဝါရီလ ၁၃ ရက်က ပြုလုပ်ခဲ့ပြီး KSDP၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ပါတီတို့ ပူးပေါင်းရန် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

“အခုက ပါတီတွေ ပေါင်းစည်းပြီးတော့ ပါတီတစ်ရပ်တည်း ထူထောင်သွားဖို့ဆိုတာကို သဘောတူလက်ခံပါတယ်။ MOU ထိုးတာက ပါတီ ၃ ခုပေါ့။ ပေါင်းစည်းရေးကို မူအားဖြင့် သဘောတူတယ်ပေါ့။ ဒါပေမဲ့ ဆက်လက် ဆွေးနွေးစရာတော့ ရှိသေးတယ်။ ပါတီနာမည်၊ ပါတီ အမှတ်တံဆိပ်တွေ ဆွေးနွေးရဦးမယ်" ဟု KPCC မှ ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဒေါက်တာတူးဂျာ က ပြောသည်။

နိုင်ငံရေးပါတီသစ် ထူထောင်ရန်အတွက် လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကချင်နိုင်ငံရေးပါတီများနှင့် ကချင်လူထု ရပ်မိရပ်ဖများအား ခေါ်ယူ၍ ညီလာခံကဲ့သို့ အစည်းအဝေး တစ်ရပ် ကျင်းပကာ ပါတီမူ ပေါ်လစီ၊ ပါတီအမည်၊ ပါတီအလံ အမှတ်တံဆိပ်များကို ထပ်မံ အတည်ပြုသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ပါတီ ၃ ခု ပူးပေါင်းရခြင်းသည် ကချင်ပြည်သူများ၏ လိုလားချက်အရ ဆောင်ရွက်ခြင်း ဖြစ်သလို၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပါတီ အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့သဖြင့် မဲ ကွဲခဲ့ရသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပါတီများ ပူးပေါင်း၍ တစ်ပါတီဖြင့်သာ ဝင်ရောက် ယှဉ်ပြိုင်သွားရန် ရည်ရွယ်၍ ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်ဟု KPCC မှ ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဦးဘရန်အောင် က ပြောသည်။

“ကျွန်တော်တို့ပါတီတွေ ပူးပေါင်းရတဲ့အကြောင်းအရင်းက ကျွန်တော်တို့က ပြည်သူလူထုရဲ့ လိုလားချက်ပေါ့ဗျာ။ ကျွန်တော်တို့က ပြည်သူ့ လူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့ အကျိုးကို အကျိုးပြုမယ်ဆိုတဲ့ ခံယူချက် ရှိတယ်လေ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ကချင်ပါတီတွေ များတဲ့အခါကြတော့ လွှတ်တော်ထဲမှာ ရောက်နိုင်သလောက် မရောက်ခဲ့ဘူး။ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူး။ ပါတီများတော့ မဲပြတ်သွားတယ်။ ပါတီများတဲ့အတွက် မဲ ပြတ်သွားတယ်။ အခုက ၂၀၂၀ ခုနှစ်မှာဆိုရင်တော့ ပါတီတွေ ပူးပေါင်းခြင်းအားဖြင့် စည်းလုံးခြင်းအားဖြင့် ကျွန်တော်တို့ ကချင်ပါတီများ လွှတ်တော်မှာ များများရောက်နိုင်အောင် အဓိကအဲဒါပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

KPCC တွင် အဖွဲ့ဝင်ဖြစ်သော လော်ဝေါ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (LNUD)က ယနေ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သော်လည်း ပူးပေါင်းရေးနှင့် ပတ်သက်၍ ပါတီတွင်း မဆုံးဖြတ်ရသေးသဖြင့် ပူးပေါင်းခြင်း မရှိသေးပေ။

ကချင်ပြည်နယ်တွင် ကချင်ပါတီ ၅ ခုရှိပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)-LNDP ကလည်း ပူးပေါင်းခြင်း မရှိသေးသလို၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) ပါတီလည်း ရှိနေသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကချင်ပါတီများ ပေါင်းစည်းနိုင်ရေးအတွက် ကချင်ပြည်သူလူထုက ကြိုးပမ်းခဲ့သော်လည်း အော်မြင်မှု မရခဲ့ဘဲ ယခုမှသာ ပါတီ ၃ ခုပေါင်းစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly