ရန်ကုန် ၊ ရခိုင် နှင့် ပဲခူးဒေသများ ငလျင်ဒဏ် သတိပြုရန် လိုအပ်ဟု မိုးဇလ သတိပေး

ရန်ကုန် ၊ ရခိုင် နှင့် ပဲခူးဒေသများ ငလျင်ဒဏ် သတိပြုရန် လိုအပ်ဟု မိုးဇလ သတိပေး
ရန်ကုန်မြို့အတွင်း  ငလျင်ဒဏ်အတွက် အန္တရာယ်ရှိသည့် အထပ်မြင့် နေအိမ် အဆောက်အဦများကို တွေ့ရစဉ် / ဓာတ်ပုံ- Mizzima

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ။              ။ ပဲခူးငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရန်ကုန်တွင်ပါ ငလျင်ဒဏ်ခံရသည့် အတိတ်ဖြစ်ရပ်များ ရှိခဲ့ခြင်းကြောင့် ရန်ကုန် ၊ ပဲခူးနှင့် ရခိုင်ဒေသများ ငလျင်ဒဏ် သတိပြုရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော် မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက မဇ္ဈိမသို့ပြောသည်။

"၁၉၃၀ တုန်းက ပဲခူးဒေသမှာ လှုပ်ခတ်ခဲ့ရင်လည်း ရန်ကုန်ကို သက်ရောက်မှုရှိခဲ့တယ်။ ဆိုတော့ ပဲခူးမှာ နောက်တစ်ကြိမ် လှုပ်ခတ်ခဲ့ရင်လည်း ရန်ကုန်မှာ သက်ရောက်မှုရှိလာနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အနောက်၊ အနောက်တောင် ဘက် (၁၇)မိုင်ခန့်အကွာ)ကိုဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးသည်။ ယင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း နောက်ဆက်တွဲငလျင်ဒဏ်များ ဆက်တိုက်လှုပ်ခတ်ခြင်းရှိခဲ့သည်။

ထို့အပြင် ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ အရှေ့တောင်ဘက် (၂) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ် ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်း လှုပ်ခတ်သွားသည့် ငလျင်ဒဏ်သည် အင်အားအနည်းငယ်သာရှိသည့် ငလျင်ဖြစ်သော်လည်း ရန်ကုန်မြို့အတွင်း နေထိုင်သူများသည် ငလျင်လှုပ်ခတ်မှုဒဏ်ကို သိသာစွာ ခံစားခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly