နန်းမြိုင်ဟိုတယ်မှ ၁၅ ရက်အတွင်း ထွက်ခွာရန် ဟိုတယ်နှင့်ခရီးမှ နို့တစ်စာ ပေးပို့ထားဟု ဆို

နန်းမြိုင်ဟိုတယ်မှ ၁၅ ရက်အတွင်း ထွက်ခွာရန် ဟိုတယ်နှင့်ခရီးမှ နို့တစ်စာ ပေးပို့ထားဟု ဆို
ဓာတ်ပုံ-Hostelworld.com

 

ရန်ကုန် ဇန်နဝါရီ ၁၃ ။         ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် နန်းမြိုင်ဟိုတယ်အား ငှားရမ်းခ ကြွေးကျန်များပေး သွင်းရန် ပျက်ကွက်နေသည်ဟုဆိုကာ ၁၅ ရက်အတွင်း ဟိုတယ်ပိတ်သိမ်းထွက်ခွာရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ လ ၁၁ ရက်နေ့တွင် နို့တစ်စာပေးပို့ခဲ့ကြောင်း ငှားရမ်းလုပ်ကိုင်ခဲ့သူ အုပ်ချုပ်မှု ဒါရိုက်တာဦးဌေးအောင် (The National Trading Co., Ltd )က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့၌ ရန်ကုန်မြို့၊ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ငှားရမ်းခများညှိနှိုင်းမရဘဲ လွန်စွာလျော့ နည်းသောပမာဏဖြင့် အဆိုပြုတင်ပြခဲ့သည်ဟု ဆိုကာ စာချုပ် သဘာတူညီချက်များအား ဟိုတယ်ခရီးမှ တစ်ဖက်သတ် ရပ်ဆိုင်း၍ ၁၉၉၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ် ခြင်း) အက်ဥပဒေ ပုဒ်မ ၃ ဖြင့် ထွက်ခွာစေခြင်း ဖြစ်ကြောင်း ရန် ဖိအားပေးနေပြီး၊ ဟိုတယ် ဦးဌေးအောင်က ပြောသည်။

" အမှန်တကယ်တော့ ကျွန်တော်တို့ကို ညှိနှိုင်းပြီးတော့ ဆက်လက်လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးရမယ့် အစား မဆီမလျော်လုပ်တယ်လို့ ပြောချင်တာပါ၊ ဝန်ကြီးဌာနက မလျော်မကန်ဆောင် ရွက်နေတယ်၊ အမှန်တကယ် လုပ်ပေးရမှာက နှုန်းထားအသစ်တစ်ခု သတ်မှတ်ရမယ်၊ ကျွန်တော်တို့ ကို ညှိနှိုင်းရမယ်၊ အဲဒါတွေ ဘာတစ်ခုမှ မလုပ်တော့ ဘူး၊ ညှိနှိုင်းမှု တစုံတရာမရှိခဲ့ဖူးဘူး ကျွန်တော်တို့ ကို၊ Review အဖွဲ့ ဖွဲ့စည်းပေးတယ်၊ အဲဒီက ထွက်လာတဲ့အဖြေကိုလည်း ဘာအသိအမှတ်မှ မပြုဘူး၊ သူတို့က သူတို့ဌာနက လုပ်တာကိုပဲ အသိအမှတ် မပြုတာ၊ ဒါ့အပြင် အခု ကျွန်တော်တို့ကို မလျော် မကန် ပြန်သိမ်းတယ်၊ ဒါတွေ ပြန်အပ်ပါ၊ ခင်ဗျား တို့ ငွေကြေးတွေ မပေးသွင်းဘူးဆိုတော့ သူတို့ရဲ့အပြစ် ကို ဖုံးကွယ်ထားပြီးတော့ ကျွန်တော် တို့ ငွေမပေးသွင်းတာကိုပဲ အဓိကလုပ်ပြီး ဆောင်ရွက်သွားတာ၊ ဝန်ကြီးဌာနက အစိုးရအဖွဲ့ကို တင်ပြတဲ့အခါ အဲဒီ လို မမှန်မကန်တွေ ဖော်ပြထားတာ တွေ့ရပါတယ်" ဟု ဦးဌေးအောင်က မဇ္ဈိမသို့ ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် နန်းမြိုင်ဟိုတယ်အား ၁ လ လျှင် ကျပ်သိန်း ၅၀၀၊ ၁ နှစ်လျှင် ကျပ် သိန်း ၆၀၀၀ နှုန်းဖြင့် The National Trading Co.Ltd သို့ ငှားရမ်းသည့် နှစ်ဖက်သဘောတူ စာချုပ်ကို ၂၀၁၃ ခုနှစ် သြဂုတ် ၆ ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။

စာချုပ်အပိုဒ် ၁၁ အရ ဝင်ငွေများ ပိုမိုရရှိနိုင်ရန် Rest Area မြေလွတ်နေရာများတွင် တိုးချဲ့ဆောင်များ ဆောက် ရန်ဆိုသည့် မျှော်လင့်ချက်များဖြင့် ငှားရမ်းခကျပ်ငွေ သိန်း ၅ဝဝ ပေး၍ ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည် ဟု ဦးဌေးအောင်က ပြောသည်။

လုပ်ငန်းဆောင်ရွက်မှု ၂ နှစ်အတွင်း ပဋိညာဉ်စာ ချုပ် အပိုဒ်ခွဲ (ဂ) (ဃ) (င) တို့အရ လုပ်ငန်းတိုးချဲ့ လုပ်ကိုင် ခွင့် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ကာ ကုမ္ပဏီအနေဖြင့် ဝန်ကြီးဌာနသို့ ငှားရမ်းခ ကျပ်သိန်း ၁၂၀၀၀ နှင့် အာမခံငွေ ကျပ်သိန်း ၆၀၀၀ ၊ စုစုပေါင်း ကျပ်သိန်း ၁၈၀၀၀ ပေးသွင်းခဲ့ပြီး ဖြစ်ကြောင်း ငှားရမ်းသူဖက်က သိရသည်။

သို့သော် ဝန်ကြီးဌာနဘက်က နှစ်ဖက်သဘောတူ စာချုပ်အားရပ်စဲကြောင်း အကြောင်းကြားစာ မကြာ ခဏပေးပို့ခဲ့ပြီး နန်းမြိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်သူ သည် ငှားရမ်းကြွေးကျန်များ ပေးသွင်းနိုင်ခြင်းမရှိခဲ့ ဘဲ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် တနှစ်စာ၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် မေလမှ မတ်လအထိနှင့် ၂၀၁၇ ခုနှစ် ဧပြီလမှ ဇွန်လ ၆ ရက်နေ့အထိ ငှားရမ်းခနှင့် ဒဏ်ကြေးအပါအဝင် ကျပ်သိန်း (၁၂၆၈၀ ဒသမ ၈၈) ကြွေးကျန်ဖြစ် ပေါ်လျက်ရှိပါသည်'' ဟု အကြောင်းကြားစာတွင် ဖော်ပြခဲ့သည်။ ထို့ပြင် ကြွေးကျန်ငွေများ ပေးသွင်းရေး ပျက်ကွက်ပါက ပိတ်သိမ်းအရေးယူမည်ဟုလည်း အကြောင်းကြားခဲ့သည်။

ယင်းသို့ ကြွေးကျန်ငွေများပေးသွင်းရန်မှာ ပျက် ကွက်ခြင်းမဟုတ်ဘဲ ဟိုတယ်တွင် တိုးချဲ့ဆောင် များဆောက် လုပ်ရန် ဝန်ကြီးဌာနနှင့် ညှိနှိုင်းစဉ် ကာလအတွင်း ကြားကာလသာဖြစ်သည်ဟု ကုမ္ပဏီ၏ဥပဒေအကြံပေး ဦးပေါ်ဦးက ပြောသည်။

" ဝန်ကြီးဌာနက ငှားရမ်းခပေးဖို့ ပျက်ကွက်နေတယ် ဆိုပြီး ကျွန်တော်တို့ကို အဆောက်အအုံက ဖယ်ရှား ပေးဖို့ ဝရမ်းလာကပ်တာပါ၊ ဦးဌေးအောင်ကလည်း ရှင်းပြခဲ့ပြီးပါပြီ၊ သူက ပျက်ကွက်နေတာ မဟုတ်ပါ ဘူး၊ ဒီအစိုးရအဖွဲ့အတည်ပြုထားတဲ့ ငှားရမ်းခ နှုန်းထားအသစ်ပေါ့နော်၊ Review လုပ်ထားတဲ့ အသစ် ကို စောင့်မျှော်နေရတဲ့အခါမှာ ညှိနှိုင်းဖို့ လုပ်တဲ့ အနေအထားပါ၊ ဒါက ကြားကာလ အငြင်းပွားချက် ပဲ" ဟု ကုမ္ပဏီ၏ဥပဒေအကြံပေး ဦးပေါ်ဦးက ပြော သည်။

ယင်းဟိုတယ်တွင် အခန်း ၃၂ ခန်းသာရှိပြီး ပျှမ်းမျှ ငှားရမ်းခနှုန်းထားမှာ အမေရိကန်ဒေါ်လာ ၄ဝ ဖြစ် ကြောင်း၊ ပြင်ဦးလွင်မြို့၏ခရီးသွားရာသီမှာ ၄ လ သာရှိ၍ နေ့စဉ်ရက်ဆက် အခန်းပြည့် လူမဝင်နိုင် ကြောင်း၊ ထို့ကြောင့် တစ်လလျှင် ကျပ်သိန်း ၁၅ဝ ခန့်ဝင်ငွေရရှိပြီး ဝန်ထမ်းလစာနှင့် အထွေထွေကုန် ကျစရိတ်နုတ်ပါက ကျပ် ၇၅ သိန်းသာ ကျန်ရှိပြီး အရှုံးပေါ်နေကြောင်း ငှားရမ်းလုပ်ကိုင်သူဖက်က ဆိုသည်။

ထို့ပြင် ဟိုတယ်ခရီးဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ သည့် ငှားရမ်းခပြန်လည်ညှိနိုင်းရေး Review အဖွဲ့ ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် ဦးဆောင်၍ ၂၀၁၇ ဖေဖော်ဝါရီလ ၇ ရက်နေ့ စတင် ဆောင်ရွက်ခဲ့ပြီး ၃၂ ခန်းရှိသော နန်းမြိုင်ဟိုတယ် ၏ ၁ လလျှင် ကျပ်ငွေ သိန်း ၅၀၀ အစား ကျပ်သိန်း ၁၀၀၊ ၁ နှစ် ငှားရမ်းခ ကျပ်သိန်း ၁၂၀၀ သတ်မှတ် ပေးခဲ့သော်လည်း သတ်မှတ်နှုန်းအား အစိုးရအဖွဲ့ ၏ အတည်ပြုချက ်ရယူပြီး ဆောင်ရွက်ပေးရန် ဖြစ်သော်လည်း အကြောင်းတစုံတရာပြန်ကြားခြင်း မပြုခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ၊နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးထံ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က လိပ်မူတင်ပြထား ကြောင်း သိရသည်။

" ကျွန်တော်တို့ရဲ့ ဇာတ်မျှောကြီးကို အစိုးရအဖွဲ့ ကနေပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးပါ၊ ထိန်း ညှိပေးပါ၊ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်၊ သူတို့အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဋ္ဌာန တွေရဲ့ မလျော်မကန်မှုတွေကို တိုင်ကြားပြီးတော့ ထိန်းကွပ်ပေးပါ၊ တည့်မတ်ပေးပါလို့ ပြောသွား တယ်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးနဲ့ အားလုံးက ကျွန်တော်တို့ကိစ္စကို အလေးထားဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်" ဟု ဦးဌေးအောင်က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်က " ကျွန်တော်တို့က ဥပဒေနဲ့ အညီပဲ လုပ်ဖို့ လုပ်ထားတယ်၊ ဥပဒေနဲ့အညီ မြေသိမ်းစာကပ်တာတို့၊ အကြွေးတွေရဖို့တို့ ဆက် လုပ်ထားတယ်၊ ကျွန်တော်တို့ဘက်က ဘာမှ ဖြေရှင်းစရာမရှိဘူး၊ ဥပဒေနဲ့အညီပဲ ဆက်သွားမှာ လေ" ဟု မဇ္ဈိမသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဟိုတယ်အား အပ်နှံ၍ ထွက်ခွာသွားမည်မဟုတ်ဘဲ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနကို ပြန်လည်တရားစွဲဆိုရန် အတွက်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ က နို့တစ်ပို့စာ ပေးပို့ထားကြောင်းသိရသည်။

နန်းမြိုင်ဟိုတယ်သည် အင်္ဂလိပ်လက်ထက်က တရားရုံးဖွင့်လှစ်ခဲ့သည့် နှစ် ၁၀၀ သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံဖြစ်ပြီး မြေဧက ၁၅ ဒသမ ၂၂ ဧက ကျယ်ဝန်းသည်။ ၁၉၈၂ က စတင် ၍ နိုင်ငံတော်က ဟိုတယ်အဖြစ် ဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန် ကြီးဌာနပိုင် ဟိုတယ် အလုံးပေါင်း(၃၀)ကျော်ကို ပုဂ္ဂလိကသို့ ငှားရမ်းထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly