အီရန် နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်မည်ဆိုပါက ထရမ့်အနေဖြင့် အမှားကြီးတစ်ခုကို ကျူးလွန်ရာ ရောက်လိမ့်မည်ဟု ရုရှ သတိပေး

အီရန် နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်မည်ဆိုပါက ထရမ့်အနေဖြင့် အမှားကြီးတစ်ခုကို ကျူးလွန်ရာ ရောက်လိမ့်မည်ဟု ရုရှ သတိပေး

 

ဇန်နဝါရီ ၁၃ ။              ။ အီရန် နျူကလီးယား သဘောတူညီချက်မှ နှုတ်ထွက်လိုက်မည်ဆိုပါက အမေရိကန်တို့အနေဖြင့် ကြီးမားသည့် အမှားကြီးတစ်ခုကို ကျူးလွန်မိရာ ရောက်သွားနိုင်ကြောင်း ရုရှ အစိုးရက ဇန်နဝါရီ ၁၃ ရက်မှာ သတိပေးပြောဆိုလိုက်သည်။

ဆက်လက်၍ မော်စကိုဘက်ကတော့ ယင်း အထင်ကရ သဘောတူညီချက် ဆက်လက်ရှင်သန်နိုင်ရန် အစွမ်းကုန်ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းတို့အနေဖြင့် လက်ရှိ အခိုက်အတန့်ကာလတွင် အီရန်အပေါ် နျူကလီးယား ဆန်ရှင် ထပ်မံချမှတ်သွားမည်မဟုတ်ကြောင်း၊ သို့သော်လည်း စာချုပ်ပါ အချက်များကို မပြောင်းလဲနိုင်ဘူးဆိုပါက ယခုနှစ်ကုန်ပိုင်းတွင် သဘောတူညီချက်ကနေ နှုတ်ထွက်ရလိမ့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက်က ပြောကြားထားခဲ့သည်။

ထရမ့်၏ အဆိုပါ ပြောကြားချက်အပေါ် ရုရှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ယာကော့ဗ်က ဝေဖန်သွားသည်။

" ခုချိန်မှာ အမေရိကန်အစိုးရအတွင်းပိုင်းမှာ ဒီ သဘောတူညီချက်ကနေ ထွက်ဖို့ ဆုံးဖြတ်ချက် ချတောင်ချပြီးသွားပြီလို့ ကျွန်တော်တို့ ကောက်ချက်ချလို့ ရနေပါပြီ၊  ဒီလိုသာ ဆိုရင် ဝါရှင်တန်အစိုးရအနေနဲ့  နိုင်ငံခြားရေးမူဝါဒပိုင်းမှာ အကြီးမားဆုံး အမှားတစ်ခုကို ကျူးလွန်လိုက်တာနဲ့ အတူတူပါပဲ" ဟု ၎င်းက ပြောကြားသွားခဲ့သည်။

ခက်ခက်ခဲခဲ ရရှိထားသည့် ၂၀၁၅ အီရန် နျူကလီးယားသဘောတူညီချက်ကတော့ အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှ၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီးယူတို့နှင့် အီရန်တို့အကြား ရရှိထားခြင်းဖြစ်သည်။ ယင်းသဘောတူညီချက်အရ အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်သွားရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့်လည်း ယင်းအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ ဆန်ရှင်များကို ဖြေလျှော့ပေးရမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ယင်းစာချုပ်ထဲတွင် အပြစ်အနာအဆာပါသည့် အချက်များ ပါဝင်နေခြင်းကြောင့် ယင်းတို့ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ပြင်ဆင်၍ မရခဲ့ပါက မိမိတို့ နှုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြတ်ပြတ်သားသား ပြောထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly