ကတ်ဖြင့် ငွေပေးချေမှုဖြင့် ယာဉ်စီးခနှင့်ဆိုင်သည့်ပြဿနာများ ဖြေရှင်းရန် ကုမ္ပဏီများ မျှော်လင့်ထား

ကတ်ဖြင့် ငွေပေးချေမှုဖြင့် ယာဉ်စီးခနှင့်ဆိုင်သည့်ပြဿနာများ ဖြေရှင်းရန် ကုမ္ပဏီများ မျှော်လင့်ထား

 

ရန်ကုန်၊ ဇန်နဝါရီ ၁၃ရက် ။                  ။ ရန်ကုန်ဘတ်စ်ကားစနစ်(YBS)တွင် ကတ်ဖြင့်ယာဉ်စီးခပေးချေမှုစနစ်(YPS)ပေါ်လာပါက ငွေအကြွေပြဿနာ၊ ငွေစက္ကူအစား အခြားအရာထည့်သည့်ပြဿနာ၊ ငွေရေသည့် ဝန်ထမ်းခန့်ထားရသည့် ကုန်ကျစရိတ် စသည်များ လျော့နည်းသွားနိုင်ရန် မျှော်လင့်ထားကြောင်း YBSကုမ္ပဏီများထံမှ သိရသည်။

ကတ်ဖြင့် ယာဉ်စီးခပေးချေမှုစနစ် (YPS)ကို တာဝန်ယူလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇန်နဝါရီ ၁၁ ရက်နေ့၌ တင်ဒါအောင်မြင်ကြောင်း ကြေညာခဲ့သည်။

"ကတ်စနစ်လာရင်တော့ တစ်မျိုးဖြစ်ရင်ဖြစ်ရင် ဖြစ်သွားမယ်၊ လောလောဆယ်အနေအထားကတော့ ငွေအကြွေ ဖြစ်တယ် ဥပမာ ကျွန်တော် ပြောပြမယ်ဆိုရင် ငွေစက္ကုဟောင်းတာ၊ နွမ်းတာ၊ စုတ်တာ၊ ပြဲတာ၊ သူ့ရဲ့အင်္ဂါရပ်သာ ညီပါစေ ။ ဘဏ်တွေကလည်း ပေးပါတယ်၊ အခုကျွန်တော်တို့ဆီမှာတွေ့နေတာက သတင်းစာစက္ကူတွေ၊ ဂျာနယ်စက္ကူတွေဖျက်ပြီးတော့ ပိုက်ဆံပုံးထဲတည့်တာ၊ စားပြီးတဲ့ပီကေခွန်တွေထည့်တယ်၊ ငွေစက္ကူကို ရည်ရွယ်ချက်တဲ့တစ်ပိုင်းတည်းထည့်တယ် ။ ဒါမျိုးတွေ တွေ့ရတယ်"ဟု ဗန္ဓုလအများပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၏ ဒါရိုက်တာ ဦးမင်းနိုင်ကပြောသည်။

ပုံးစနစ်ကိုတော့ နယ်ဝေးမှလာသူများ ဘတ်စ်ကားပုံမှန်စီးလေ့မရှိသူများအတွက် ထားရှိရဦးမည်ဖြစ်ကြောင်း ဦးမင်းနိုင်က သုံးသပ်သည်။

"ကတ်စနစ် အမှန်တကယ်ပြောင်းလဲသွားရင်တော့ ကျွန်တော်တို့အနေနဲ့က ငွေရေတွက်တဲ့ဝန်ထမ်းတွေ ထားရှိရတာ သက်သာသွားမယ်၊ နောက်ပြီးတော့အဲဒီမှာအဆင့်ဆင့်တစ်ယောက်နဲ့တစ်ယောက်က ယုံမှားသံသယကိစ္စတွေ ပပျောက်သွားမယ်လို့ ထင်ပါတယ်"ဟု စံဝေလအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက်၏ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းလွင်က ပြောသည်။

လက်ရှိအချိန် YBSတစ်နှစ်ပြည့်လုနီးကာလအထိ ယာဉ်စီးခပေးချေရာတွင် ငွေစက္ကူအင်္ဂါရပ်နှင့်မညီသည်များ ပိုက်ဆုံပုံးထဲသို့ထည့်ခြင်း၊   ငွေစက္ကူအတုများပေးခြင်း၊   ငွေစက္ကူအတုဖြင့်   ငွေအကြွေလဲလှယ်ခိုင်းခြင်း၊ ငွေစက္ကူမဟုတ်သည့်အရာများထည့်သွင်းခြင်း စသည်များကို ပြုလုပ်သည့်ခရီးသည်များလည်းရှိနေသည်။

"ကတ်စနစ်က ကျွန်တော်တို့ယာဉ်လိုင်းအားလုံးမျှော်လင့်နေတဲ့အရာပါ၊ ကျွန်တော်တို့လုပ်ငန်းတွေမှာက တစ်နေ့တာဝင်ငွေကို မဖော်ပြနိုင်တဲ့ပြဿနာအပြင် တခြားသောလုပ်ငန်းအခက်အခဲတွေလဲ ရှိပါတယ်၊ ကတ်စနစ်ပေါ်ပေါက်လာရင်တော့ အတိုင်းထက်အလွန်ပါပဲ၊ ဒီYBSယာဉ်လိုင်းတွေရဲ့အောင်မြင်မှုကို မြှင့်တင်ပေးနိုင်မယ့်အနေအထားမှာရှိပါတယ်"ဟု Power Eleven ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ဆိုသည်။

ကတ်ဖြင့်ယာဉ်စီးခပေးချေမှုစနစ်(YPS)လုပ်ကိုင်မည့်ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ခုနှစ်၌ တင်ဒါခေါ်ယူခဲ့ပြီး အောက်တိုဘာလတွင် ကုမ္ပဏီ(၅၀)အားတင်ဒါပထမအဆင့်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီ(၇)ခုအား တင်ဒါဒုတိယအဆင့်၊ ဒီဇင်ဘာလတွင် စကာတင်စာရင်းတွင် ကုမ္ပဏီ(၃)ခုတို့အား ရွေးချယ်ခဲ့သည်။

တင်ဒါအောင်မြင်ထားသည့် Excel KC Myanmar ကုမ္ပဏီကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကြေငြာခဲ့သည်။ စည်းကမ်းချိုးဖောက်ခြင်း၊ ပျက်ပျယ်ခြင်းရှိပါက တင်ဒါ စကာတင်စာရင်းတွင်ရှိနေသည့် Anypay Payment Service ကုမ္ပဏီနှင့် Asiastarmar Transport Intelligent ကုမ္ပဏီတို့ကို ထပ်မံရွေးချယ် ဆောင်ရွက်ခွင့်ပေးမည်ဖြစ်သည်ဟု ဖော်ပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly