ပါကစ္စတန်တွင် သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်မှုများကို မဖော်ထုတ်ပေးနိုင်၍ ဆူပူဆန္ဒပြ

ပါကစ္စတန်တွင် သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်မှုများကို မဖော်ထုတ်ပေးနိုင်၍ ဆူပူဆန္ဒပြ

 

ကရာချိ၊ ဇန်နဝါရီ ၁၃ ။              ။  အိန္ဒိယနှင့် နယ်ချင်းကပ်လျက်ရှိသော ပါကစ္စတန်နိုင်ငံ ကာဆာမြို့တွင် ခုနစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ၍ ကျုးလွန်သူအား   ဖော်ထုတ်နိုင်ခြင်းမရှိခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာတွင် လက်ရှိတွင် စိတ်ဆိုးဒေါသထွက်သော ပြည်သူများက အစိုးရရုံးများကို ခဲများဖြင့် ပေါက်ခြင်းအထိ ဖြစ်လာ၍ ရဲက ထိန်းသိမ်းနေရသည်။

ခုနစ်နှစ် သမီးငယ် ဇိုင်နက်ဘ်ဆိုသည့် ကလေးမအား အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး ပေါ်ပေါက်လာခဲ့သော ဆန္ဒပြမှုများကို ရဲက ထိန်းသိမ်းရာမှ ထိပ်တိုက်တွေ့ပြီး လူနှစ်ဦး  သေဆုံးရာ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၅ ရက်က ဇိုင်နက်ဘ် ပျောက်ဆုံးနေကြောင်း မိဘများက ရဲတိုင်ထားခဲ့ရာမှ လေးရက်အကြာ ဇန်နဝါရီ ၈ ရက်တွင် ကလေးမလေး၏ အလောင်းကို အမှိုက်ပုံတစ်နေရာတွင် တွေ့ရှိခြင်း ဖြစ်သည်။ စစ်ဆေးမှုများအရ ကလေးမလေးမှာ အဓမ္မ ပြုကျင့် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

စီစီတီဗီမှတ်တမ်းတစ်ရပ်တွင် ဇန်နဝါရီ ၄ ရက်က ကလေးမလေးအား နောက်ဆုံး မြင်တွေ့ရခြင်းဖြစ်ပြီး လူတစ်ဦးက ကလေးမလေးအား ခေါ်ဆောင်သွားပုံကို တွေ့မြင်ရသည်။

ယခု ကလေးမလေး ဇိုင်နက်ဘ် သေဆုံးမှုသည် အဆိုပါ ကာဆာမြို့ငယ်အတွင်း ယင်းသို့သော သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်မှု ၁၂ ခုမြောက်လည်း ဖြစ်သည်။ တစ်နှစ်အတွင်း ဖြစ်ပွားသော ယင်းအမှု ၁၂ မှုတွင် ကလေးမလေးတစ်ဦးသာ အသက်ရှင်ရစ်သည်ဟု သိရသည်။

ယင်းသို့သော အခြေအနေများ ဖြစ်နေခြင်းကြောင့် ပန်ဂျပ်ပြည်နယ်အစိုးရက မိမိတို့၏ ကလေးငယ်များကို ကာကွယ်မှု မပေးနိုင်ဟု စွပ်စွဲလျက် ဒေသခံများ စိတ်ဆိုးဒေါသထွက်ရာမှ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လာခြင်းဖြစ်သည်။

ဇိုင်နက်ဘ်အား အဓမ္မပြုကျင့် သတ်ဖြတ်သူနှင့် အခြားအမှုများမှ ကျူးလွန်သူသည် အတူတူပဲ ဖြစ်နိုင်ဖွယ်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးက ယူဆထားပြီး ကွင်းဆက်လူသတ်သမားဖြစ်နိုင်သည်ဟု ပြည်နယ်အစိုးရ ပြောခွင့်ရသူက ဆိုသည်။

ယခင် ဖြစ်ပွားသည့် အမှု ၁၁ နှင့် ပတ်သက်ပြီး လူလေးဦးကို ဖမ်းဆီးထားကာ သံသယရှိသူအချို့ကိုလည်း ချုပ်နှောင်ထားကြောင်း ၎င်းက ပြောသည်။ ထိုအမှုများတွင် ခြောက်မှုမှာ ဒီအင်န်အေ တိုက်ဆိုင်စစ်ဆေးမှု တူညီသည်ကို တွေ့ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly