၂၁ ပင်လုံ အစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးမှသာ ကျင်းပမည်ဟု အပစ်ရပ်အဖွဲ့များ ထုတ်ပြန်

၂၁ ပင်လုံ အစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးမှသာ ကျင်းပမည်ဟု အပစ်ရပ်အဖွဲ့များ ထုတ်ပြန်
Photo- NCA-S EAO

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ။                              ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် အကောင်အထည်ဖော်ပြီးမှသာ ဆက်လက်ပြုလုပ်သွားမည်ဟု (NCA)အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားသည့် အဖွဲ့များက ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် NCA-s EAO ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲများ အပေါ် ကန့်သတ်ခြင်း ၊ ပြုလုပ်ခွင့် မရခြင်းများအပေါ် အစိုးရတာဝန်ရှိသူများနှင့်   တွေ့ဆုံညှိနှိုင်းသွားရန် ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်ဟု သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ကြီးမှူးပြုလုပ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံဆွေးနွေးပွဲများ တားမြစ်ခံခဲ့ရသည့်အပြင် ၊ ယမန်နေ့တွင်လည်း ပဲခူးမြို့၌ ABSDF မှ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲလည်း တားမြစ်ခံခဲ့ရသည်။

အပစ်ရပ်အဖွဲ့ ၈ ဖွဲ့မှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် "NCA ကို အကောင်အထည်ဖော်ရာ၌ အခက်အခဲများ ရှိနေခြင်းကြောင့် စာချုပ်ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် အခြေခံ နားလည်မှုများ ကွဲလွဲချက်များအပေါ် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်" ဟု ပါရှိသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြု တပ်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)  တို့မှ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly