တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့့များအားလုံး ဆက်စပ်မှုရှိရှိ လုပ်ဆောင်နိုင်ပါက အကျိုးရှိနိုင်ဟု UNFC ဥက္ကဋ္ဌ ပြော

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့့များအားလုံး ဆက်စပ်မှုရှိရှိ လုပ်ဆောင်နိုင်ပါက အကျိုးရှိနိုင်ဟု UNFC ဥက္ကဋ္ဌ ပြော
ဓာတ်ပုံ-ဖနိဒါ

 

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။         ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး မတူညီသည့်အနေထားရှိသော်လည်း ဆက်စပ်မှု ရှိရှိဖြင့် စုပေါင်း လုပ်ဆောင်ကြရန် အပစ်ရပ် အဖွဲ့ ၈ဖွဲ့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နှင့် ပြုလုပ်သော အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

UNFC နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA )လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ဖွဲ့မှ PPST ခေါင်းဆောင်တို့ ဇန်နဝါရီလ ၁၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ ခွန်ပူခမ် (Khumphucome) ဟိုတယ်တွင် အစည်းအဝေး ပြုလုပ်နေခြင်း ဖြစ်သည်။

“RCSS ကလည်း အမျိုးသားအဆင့်ဆွေးနွေးမှု ပြင်ဆင်မှုတွေက တော်တော်လေးကို အနောက်အယှက် ခံနေရတယ်။ နောက်ထိုးစစ်တွေလည်း မြောက်ပိုင်းက ကချင်တွေမှာလည်း   တော်တော်လး ဖြစ်နေတယ်။ ဒါကို ထည့်တွက်လိုက်ရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ခရီးစဉ်က မလွယ်ဘူးလို့ မြင်တယ်။ အဒီတော့ ဒီလို မလွယ်တဲ့ အနေအထားမှာ ကျွန်တော်တို့ အချင်းချင်းက တကယ်လို့ ဆက်စပ်မှုနည်းနေရင် ပိုပြီးတော့တောင် ခံရနိုင်တယ်။ သူတို့ရဲ့ ဗျူဟာက ကျွန်တော်တု့ိ တိုင်းရင်းသား အင်အားစုတွေကို ခွဲထုတ်ပြီးတော့ အနိုင်ယူဖို့ပေါ့နော်။ အဲဒီပုံစံမျုးိရှိနေတယ်ဆိုတာက ကျွန်တော်တို့ အားလုံး နားလည်ပြီးသားပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ အချင်းချင်း အခြေအနေအရ ဘယ်လိုပဲ မတူညီတဲ့ အနေအထားမှာ ရှိရှိ ၊ ဆက်စပ်မှု ရှိရှိနဲ့ ကျွန်တော်တို့ လုပ်နိုင်ရင် ကျွန်တော်တို့အတွက် အကျိုးရှိမှာပါ”ဟု မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သူက ဆက်လက်ပြီး “ကနေ့အနေအထားမှာ လက်တွေ့ ရှေ့ကနေ သွားနေတဲ့ ဆွေးနွေးဖို့ နိုင်ငံရေး ပြဿနာကို စားပွဲခုံပေါ်မှာ ဆွေးနွေးဖို့ ပုံစံနဲ့ နည်းနည်း ရှေ့တန်းကို ရောက်နေတဲ့ ဆရာတို့ အဖွဲ့အနေနဲ့ ဆရာတို့ရဲ့ အခက်အခဲကို ကျွန်တော်တို့ကို ပြောပြပါ။ ကျွန်တော်တို့လည်း ဘယ်လို အားဖြည့်ပေးနိုင်မလဲပေါ့လေ။ ဒါတွေက ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်စပ်မှု ရှိရှိနဲ့ လုပ်နိုင်ဖို့အရေးကြီးပါတယ်” UNFC ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေအား သုံးသပ်ကြည့်ပါက RCSS က အမျုးိသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပမှုများ နှောက်ယှက်ခံရခြင်း၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွ့ဲအစည်းများ ရှေ့တိုးရန် အကြပ်အတည်း ဖြစ်နေသလို၊ အပစ်မရပ်သေးသည့် အဖွဲ့အစည်းများဖြစ်သော UNFC ကလည်း အဆိုပြုထားသော အချက် ၉ ချက်ကို ဆွေးနွေးညှိနှိုင်းမှုမရသေးသလို၊ KNPP ဘက်မှ ရဲဘော် ၃ ဦးနှင့်အရပ်သား တစ်ဦး အသတ်ခံရမှုများ ရှိလာခြင်းတို့ကြောင့် ယုံကြည်မှုများ ပျက်စီးနေသည်ဟု နိုင်ဟံသာက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် အပစ်ရပ်အဖွဲ့၊ အပစ်မရပ် အဖွဲ့အစည်းနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်း ၇ ဖွဲ့တို့နှင့်လည်း ဆက်စပ်မှု ရယူ၍ နိုင်ငံရေးတိုက်ပွဲတွင် ပန်းတိုင်တစ်ခုဖြင့် ရပ်တည်သွားကြရန်နှင့် အားလုံး နားလည်မှု တည်ဆောက်၍ ဆက်စပ်မှု ပိုမိုရယူရေး လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

“ ဒီအင်အားစု အားလုံး အခြေအနေအရ ၃ စုဖြစ်နေပေမဲ့ ဒီသုံးစုကို ဆက်စပ်ပေးနိုင်ရင် နောက်ဆုံးကတော့ နိုင်ငံရေးတိုက်ပွဲမှာ ရပ်တည်မှု တူညီတဲ့ပုံစံနဲ့ ကျွန်တော်တို့ ရပ်တည်နိုင်ရင် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကတော့ အများကြီးအောင်မြင်မှု ရှိနေမယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် သူတို့ခွဲသလို၊ ကျွန်တော်တို့ လိုက်ပြီးတော့ ကွဲနေရင်တော့ ကျွန်တော်တို့အတွက် ဘာမှ ရလာဖို့ အလားအလာ မရှိဘူး”ဟု နိုင်ဟံသာက ပြောသည်။

ထို့ပြင် ယနေ့ နှစ်ဖွဲ့ တွေ့ဆုံမှုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမျးအကြား ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းအကောင်အထည်ဖော်နိုင်ရန် ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အပစ်ရပ်အဖွဲ့ PPST ဘက်မှ ခိုင်စိုးနိုင်အောင်က မိန့်ခွန်းပြောကြားခဲ့သည်။

“အခုလက်ရှိ ဖြစ်နေတဲ့ အုပ်စု ၃ စုဖြစ်ပါတယ်။ ကျွန်တော်တို့ PPST ရယ်၊ UNFCနဲ့ မြောက်ပိုင်းအဖွဲ့တွေရယ် အဲဒီသုံးဖွဲ့ အလုံးစုံ ညီညွတ်မှု မရှိပေမဲ့လို့ တစ်စုံတစ်ရာ ညီမျှတဲ့ ပူးပေါင်ဆောင်ရွက်နိုင်တဲ့ Mechanism ကို အကောင်အထည် မဖော်နိုင်ရင်တော့ ကျွန်တော်တို့အတွက် အခက်အခဲ အများကြီး ဖြစ်နိုင်ပါတယ်။ တော်တော်ဝေးသွားနိုင်ပါတယ်။ ဒါပေမဲ့လို့ ဒီခေါင်းဆောင်တွေကို အဲဒီဟာကို အားလုံး နာလည်ပြီးသားဖြစ်တယ်။ အဲဒီနားလည်မှုအပေါ်မှာ အနည်းဆုံးအဆင့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ နည်းလမ်းကို ရှာဖို့ လိုတယ်။ အဲဒါ သိပ်အရေးကြီးတယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

PPST သည် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး-၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ပြုလုပ်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၁ နှင့် ၁၂ ရက်နေ့ နှစ်ရက်ကြာ ကျင်းပသော အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly