ဒုက္ခသည်များလက်ခံရေး မြန်မာအစိုးရကို ဂျပန်က ကန်ဒေါ်လာ ၃သန်း ကူညီမည်

ဒုက္ခသည်များလက်ခံရေး မြန်မာအစိုးရကို ဂျပန်က ကန်ဒေါ်လာ ၃သန်း ကူညီမည်
(ဓာတ်ပုံ- Hein Htet/POOL)

နေပြည်တော်(ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် မြန်မာအစိုးရကို ကန်ဒေါ်လာ ၃သန်း(ဂျပန်ယန်း ၃၃၀သန်း)ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနိုက ပြောကြားလိုက်သည်။

‘‘အခုအချိန်မှာ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့၊ ပြန်လည်နေ ရာချထားနိုင်ဖို့ ကူညီထောက်ပံ့မှုအနေနဲ့ မြန်မာအစိုးရကို ဒုက္ခသည်တွေ နေထိုင်ဖို့ လိုအပ်တဲ့ ဒေါ်လာသုံးသန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု မစ္စတာ တာရော့ခိုနိုက ပြေသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ တာရော့ခိုနိုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံးမှုအပြီးပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နောက်တစ်ခုက နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတစ်ဆင့် ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ကောင်းမွန်စေဖို့၊ အထူးသဖြင့် အမျိုးသမီးတွေ ကိုယ့်ဘာသာရပ် တည်နိုင်ဖို့ရည်ရွယ်ထားတဲ့ အသက်မွေးဝမ်းကျောင်း ပညာပေးရေးအပါအဝင် ဒေါ်လာသန်း ၂၀ တန်ဖိုးရှိတဲ့ ကူညီထောက်ပံ့မှုကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ဒါက ဂျပန်လွှတ်တော်ရဲ့ သဘောတူညီချက်ကိုရမှ တရားဝင်ပြောနိုင်မှာ ဖြစ်ပါတယ်’’ ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် တတ်နိုင်သမျှ ပံ့ပိုးကူညီပေးရန် ဆန္ဒရှိကြောင်းလည်း ဝန်ကြီး ခိုနိုက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာ- ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ် နွေးထွေးခဲ့ပြီး မြန်မာနိုင်ငံ လိုအပ်ချိန်တွင် ဂျပန်နိုင်ငံက အကူအညီပေးလေ့ရှိခြင်းကောင့် များစွာ ကျေးဇူးတင်ကြောင့် တုံ့ပြန်ပြောကြားခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအပေါ် ဂျပန်နိုင်ငံမှ ဆက်လက်အကူအညီ ပေးအပ်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် မစ္စတာကိုဖီအာနန် အကြံပေး ကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် ရေတိုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးရေးကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ဂျပန်ယန်း (၈၀၀)ဘီလီယံ သုံးစွဲ အကောင်အထည် ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်သည့် (၃)နာရီခွဲဖြင့် သွားရောက်နိုင်မည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ မတိုင်မီတွင်လည်းကောင်း၊ (၈)နာရီဖြင့် သွားရောက် နိုင်မည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်တွင် လည်းကောင်း ပြေးဆွဲနိုင်ရန် အဆင့်မြှင့်တင်မည့်ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly