ကမန်အမည်ခံလျက် နိုင်ငံသားစိစစ်ရေးလျှောက်လွှာစာရင်းသွင်းမှုများအပေါ် တားမြစ်ရန် တောင်းဆို

By RiA
13 January 2018
ကမန်အမည်ခံလျက် နိုင်ငံသားစိစစ်ရေးလျှောက်လွှာစာရင်းသွင်းမှုများအပေါ် တားမြစ်ရန် တောင်းဆို

 

ရမ်းဗြဲ၊ ဇန်နဝါရီ ၁၃ ရက်။                          ။  ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး လျှောက်လွှာများ လက်ခံ ဆောင်ရွက်နေချိန်တွင် ရမ်းဗြဲမြို့နယ်၌ ကမန်အမည်ခံလျက် စာရင်းပေးမှုများရှိနေသည်ဟု ဆိုကာ ၎င်းတို့ကို တားမြစ်ပေးဖို့ ဒေသခံအချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရမ်းဗြဲမြို့နယ် ကျော်နီမော်အုပ်စုမှ ဒေသခံ ၅၀၀ ဝန်းကျင်မှ လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်သည်။

“ဆန္ဒပြကြတာကတော့ ဘင်္ဂါလီကနေ ကမန်မဖြစ်ဖို့ကို အဓိကထားပြီး တောင်းဆိုကြပါတယ်။ ဘင်္ဂါလီနဲ့ ကမန်ကို နိုင်ငံသားကဒ် ထုတ်ပေးဖို့အတွက် လျှောက်လွှာမှာ လူမျိုးနာမည်ကို ရေးရတယ်။ ရေးတဲ့နေရာမှာ ဘင်္ဂလီတွေက ကမန်လူမျိုးလို့ နာမည်ခံပြီးတော့ လျှောက်လွှာမှာ စာရင်းပေးသွင်းနေကြတယ်။ ဒါကြောင့် ဘင်္ဂါလီကနေ ကမန် မဖြစ်ဖို့အတွက် ဆန္ဒပြကြတာပါ။” ဟု ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောသည်။

ကျောက်နီမော်အုပ်စုသို့  နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရန် နေပြည်တော် အထူးစီမံချက်  လဝကအဖွဲ့က ကွင်းဆင်း ဆောင်ရွက်လျှက်ရှိပြီး လက်ရှိတွင် နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးမည့် စိစစ်ရေး လျှောက်လွှာ ၁၂၀၀ ကျော်ကို ဖောင်ဖြည့်ပြီးစီးပြီဖြစ်ကြောင်း ဦးသန်းမောင်ဦးက ဆိုသည်။

“အခု စိစစ်ရေး ကတ်ထုတ်ပေးမဲ့ လျှောက်လွှာမှာ ကမန်ဆိုပြီးဖောင်ဖြည့်ထားတာ များတယ်။ ဘင်္ဂါလီတွေက ကမန်လို့ခံပြီးတော့ နိုင်ငံသားကတ်ရသွားရင် သူတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး အရွေးခံလို့ရလာမယ်။ အဲဒီပြဿနာတွေကြောင့် ဒါတွေကို မဖြစ်ခင် တားမြစ်တဲ့ သဘောပါ။”ဟု ဆိုသည်။

ရမ်းဗြဲမြို့နယ်မှ ဒေသခံများ ဆန္ဒထုတ်ဖော်ရာတွင် “ဘင်္ဂါလီများကို ၁၉၈၂ ဥပဒေနှင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးရေး၊ ဘင်္ဂါလီ လူမျိုးကနေ ကမန်လူမျိုးမဖြစ်စေရေး” စသည့် အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ခံရမည့် သူများ၏ သက်သေခံကဒ်ပြား (NVC) ကို ၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်နေ့မှ စတင် ထုတ်ပေးလျှက်ရှိရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ အဆိုပါကဒ်ပြား ၉၁၇၃ ကဒ်အထိ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly