အိန္ဒိယက ဆက်သွယ်ရေးဂြိုဟ်တု ၁၀၀ မြောက် လွှတ်တင်ခြင်းအဖြစ် ဂြိုဟ်တု ၃၁ လုံးအား အောင်မြင်စွာ လွှတ်တင်

အိန္ဒိယက ဆက်သွယ်ရေးဂြိုဟ်တု ၁၀၀ မြောက် လွှတ်တင်ခြင်းအဖြစ် ဂြိုဟ်တု ၃၁ လုံးအား အောင်မြင်စွာ လွှတ်တင်

နယူးဒေလီ၊ ဇန်နဝါရီ ၁၂ ။         ။ အိန္ဒိယနိုင်ငံက အန်ဒဟာပရာဒေ့ရှ်ပြည်နယ်ရှိ သီရိဟာရီကိုတာအခြေစိုက်စခန်းမှ ဗြိတိန်နှင့် အမေရိကန်တို့ကဲ့သို့ အခြားနိုင်ငံများမှ ဂြိုဟ်တု ၂၈ လုံးအပါအဝင် ဆက်သွယ်ရေးဂြိုဟ်တု ၃၁ လုံးကို ဇန်နဝါရီ ၁၂ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

ယခု လွှတ်တင်မှုတွင် အိန္ဒိယ ဂြိုဟ်တု သုံးလုံး ပါဝင်ရာတွင် ၇၁၀ ကီလိုဂရမ် Cartosat-2 ဂြိုဟ်တုသည် နိုင်ငံအတွက် အလုံး ၁၀၀ မြောက်အဖြစ် မှတ်တမ်းတင်နိုင်သည်။ ယင်းဂြိုဟ်တုကို ကမ္ဘာအား စောင့်ကြည့်ရေးအတွက် အသုံးပြုမည်ဖြစ်သည်။

“ခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တု ၃၁ လုံးစလုံးရဲ့ စုစုပေါင်းအလေးချိန်ဟာ ၁၃၂၃ ကီလိုဂရမ် ရှိပြီး PSLV-C40 ဒုံးပျံမှာ တင်ဆောင်လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယက ဂြိုဟ်တုသုံးလုံးနဲ့အတူ ကနေဒါ၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန် စတဲ့နိုင်ငံတွေက ဂြိုဟ်တုတွေ ပါဝင်ပါတယ်။”ဟု အိန္ဒိယအာကာသဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ဂြိုဟ်များကို နံနက် ၉ နာရီ ၂၉ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ကာ မိနစ်သုံးဆယ်နီးပါးအကြာတွင် ယင်းဒုံးပျံက ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ တွန်းပို့နိုင်ခဲ့ကြောင်း ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၉ ခုနှစ်က ဆက်သွယ်ရေးဂြိုဟ်တုအား စတင်လွှတ်တင်ခဲ့ခြင်း ဖြစ်ကာ ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုစနစ် ပိုင်ဆိုင်ရာ နိုင်ငံများတွင် ပါဝင်လာခဲ့သည်။

ကမ္ဘာ့တွင် အာကာသစီမံကိန်းများရေးရာတွင် အိန္ဒိယသည် အတက်ကြွဆုံး တစ်နိုင်ငံအဖြစ်လည်း စာရင်းဝင်ပြီး အာကာသအေဂျင်စီ စတင်တည်ထောင်ပြီး နှစ် ၅၀ ကျော်အတွင်း ဂြိုဟ်တုပေါင်း ၁၀၀ မြောက်သည့်အထိ လွှတ်တင်လာနိုင်ခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags