အမ်းမြို့တွင် ဆူပူအောင် လုပ်ဆောင်သည်ဟု တိုင်တန်းထားသည့်ကိစ္စတွင် မကွေးဝန်ကြီးချုပ်ကို တရားလိုပြ သက်သေအဖြစ် စစ်ဆေး

အမ်းမြို့တွင် ဆူပူအောင် လုပ်ဆောင်သည်ဟု တိုင်တန်းထားသည့်ကိစ္စတွင် မကွေးဝန်ကြီးချုပ်ကို တရားလိုပြ သက်သေအဖြစ် စစ်ဆေး

 

မကွေး ဇန်နဝါရီလ ၁၂ ရက် ။        ။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန် စည်းရုံးခဲ့သည်ဟုဆိုကာ နိုင်ငံတော်အကြည်အညို ပျက်စေမှုဖြင့် တိုင်တန်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဇန်နဝါရီလ (၁၂)ရက်နေ့က မကွေးခရိုင် တရားရုံးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကို တရားလိုပြ သက်သေအဖြစ် စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး စည်းရုံးခဲ့သည်ဟူသော အမျိုးသား တစ်ဦးအား ဥပဒေနှင့် အညီ အရေးယူပေးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေက တရားလိုပြုလုပ်၍ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မကွေးခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊အဆိုပါ ဦးတိုက်လျှောက်ထားမှုကို မကွေးခရိုင် တရားရုံး တရားသူကြီး ဒေါ်မိမိစိန်က ရာဇသတ်ကြီး အမှုအမှတ် ၅၅/၂၀၁၇ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် အမှုနှင့်ပတ်သက်၍ ရဲစခန်းသို့ ကျင့်(၂၀၂)ဖြင့် ချပေးခဲ့ကြောင်း ရဲစခန်းမှ ပြန်လည် တင်ပြခဲ့ သော ရဲစစ်ဆေးချက် အစီရင်ခံစာအား လက်ခံရရှိပြီးအမှုအား ပုဒ်မ ၁၂၄ -က အကြည်ညိုပျက်အောင် ပြုခြင်းဖြင့် လက်ခံစစ်ဆေးဆောင်ရွက်နေကြောင်း မကွေးခရိုင်တရားရုံးမှ သိရသည်။

အမှုစစ်ဆေးခြင်းမှာ နှစ်ကြိမ်ရှိပြီးဖြစ်ကာ ၂၀၁၇ ဒီဇင်ဘာ ၂၈ရက်နေ့က တရားလို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေ ကို စစ်ဆေးခဲ့ပြီး၊ယနေ့ ၂၀၁၈ ဇန်နဝါရီ ၁၂ရက်နေ့တွင် တရားလိုပြသက်သေအဖြစ် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား စစ်ဆေးခဲ့ကာ လာမည့် ဇန်နဝါရီ ၁၉ရက်နေ့တွင် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအား စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး စည်းရုံးခဲ့သည်ဟူသော အတိုင်တန်းခံရသူမှာ မကွေးမြို့ အောင်မေတ္တာ B အုပ်စု ၂လမ်း အောင်စေတနာဘုန်းကြီးကျောင်း တောင်ဘက်ပေါက် အနီးနေထိုင်သူ အောင်ကျော်မြင့်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်နေ့ ညနေ ၃နာရီခွဲခန့်က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုသည် ၎င်း၏ ရုံးခန်းသို့ သတင်းမီဒီယာများအား ဖိတ်ခေါ်ကာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရေး လှုံ့ဆော်ပေးရန် မကွေးမြို့မှ အမျိုးသားတစ်ဦးကို ကျပ် ၅၀၀၀၀၀ ပေးမည်ဟု စည်းရုံးသူ ရှိနေသည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly