ရခိုင်တွင် အများပိုင် ပုဂ္ဂလိကသတင်းစာတစ်စောင် ထုတ်ဝေနိုင်ရေး စီစဉ်နေ

ရခိုင်တွင် အများပိုင် ပုဂ္ဂလိကသတင်းစာတစ်စောင် ထုတ်ဝေနိုင်ရေး စီစဉ်နေ
ရခိုင်ပြည်နယ်အတွင်းထုတ်ဝေလျက်ရှိသည့် သတင်းဂျာနယ်တစ်စောင်ကို မောင်တောမြို့ရှိ ရခိုင်တိုင်းရင်းသားတစ်ဦးက ဖတ်ရှုနေစဉ် - ဓာတ်ပုံ - ဝင်းကျော်လှိုင်

စစ်တွေ၊ ဇန်နဝါရီ ၁၂ ရက်။              ။ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်မရှိဘူးလို့ နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုကို ခံနေရတဲ့ ရခိုင်ပြည်နယ်မှာ အများပိုင် ပုဂ္ဂလိက သတင်းစာတစ်စောင်ကို ထုတ်ဝေသွားဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက စီစဉ်နေပါတယ်။

အဆိုပါ သတင်းစာကို အများပိုင်ဖြစ်ဖို့ ကုမ္ပဏီတစ်ခုကို တည်ထောင်သွားမှာ ဖြစ်သလို ရှယ်ယာခေါ်ယူပြီးတော့ ထုတ်ဝေသွားဖို့ထိ ရည်ရွယ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဦးမျိုးသန့်တင် က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဒီတစ်ကြိမ် ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်က ထုတ်တဲ့ သတင်းစာတစ်စောင်ကို ဖြစ်ပေါ်စေချင် တယ်လို့ အဲလို ဆန္ဒတွေကို ပြောကြတယ်။ အထူးသဖြင့်တော့ အလိုတော်ပြည့်ဆရာတော်ဘုရား နဲ့ တွေ့တဲ့အခါ သူကလည်း အဲဒီအတွက် ဆောင်ရွက်ဖို့ ဆွေးနွေးကြတာ ရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ကောင်စီကနေ ကြီးမှူးပြီးတော့ သတင်းစာလေးတစ်စောင်ဖြစ်မြောက်ရေး ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြတာပါ။”ဟု ဆိုသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ ဇန်နဝါရီလ ပထမသီတင်းပတ်က သတင်းသမား ၂၉ ဦးကို ဦးဆောင်ြ ပီး ၅ ရက်ကြာ ရခိုင်မြောက်ပိုင်းခရီးစဉ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့သလို ယခုလို သတင်းစာဖြစ်မြောက်ဖို့ အတွက်လည်း လိုအပ်တဲ့ မတည် ငွေကြေးစိုက်ထုတ်မှုတွေကို အလိုတော်ပြည့်ဆရာတော်ဘုရားကြီးက ထည့်ဝင်သွားမယ်လို့ သဘောတူညီမှုတွေ ရှိခဲ့တယ်လို့လည်း ဒေါက်တာ ဦးမျိုးသန့်တင်က ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

“အများပိုင်ကုမ္ပဏီပေါ့။ ဆရာတော်ကြီးမှာက သူ့မှာ ဒကာဒကာမတွေရှိတယ်လေ။ သူတို့တွေရဲ့ စုပေါင်းမှုနဲ့ ကိုယ်အားကိုယ်ကိုးပြီး စလုပ်ကြမယ်ပေါ့ ဆိုတဲ့သဘောပါ။” မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဦးမျိုးသန့်တင် က ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ၂၀၁၂ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေကနေ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ ရခိုင် မြောက်ပိုင်း ဆူပူအကြမ်းဖက်မှုတွေမှာ သတင်းစာလွတ်လပ်မှု လုံးဝဆုံးရှုံးနေတယ်လို့ နိုင်ငံတကာ သတင်းသမားများ အဖွဲ့အစည်းတွေရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလို သတင်းစာလွတ်လပ်မှုနှင့် ဈေးကွက်အရ သတင်းစာဂျာနယ် ထုတ်ဝေဖို့ ခက်ခဲနေတဲ့ ပြည်နယ်တစ်ခုမှာ နေ့စဉ်သတင်းစာတစ်စောင် ပေါ်ပေါက်လာဖို့ဆိုတာ ဒေသခံသတင်းသမားများကလည်း စိတ်ဝင်စားနေကြ ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ကတော့ ယခုလို သတင်းစာထုတ်ဝေဖို့အတွက် ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်မှာ ညှိနှိုင်းအစည်းအဝေးတစ်ခုကို ပြုလုပ်သွားမှာ ဖြစ်သလို ဒေသခံသတင်းဌာနနှင့် သတင်းသမားများ အားလုံးပါဝင်တဲ့ အများပိုင်ပုဂ္ဂလိက သတင်းစာတစ်စောင် ဖြစ်မြောက်ဖို့ ကမကထပြုနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ဒါပေမယ့် RiA သတင်းအေဂျင်စီနှင့် The Root မဂ္ဂဇင်းကို တည်ထောင်သူ ကိုမင်းမင်းကတော့ ယခု ပေါ်ပေါက်လာဖို့ စီစဉ်နေကြတဲ့ သတင်းစာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ လုပ်ရပ်များဟာ ဒေသခံ သတင်းဌာနများ အပါအဝင် နိုင်ငံတကာရဲ့ အမြင်မှာ ပိုပြီး ပုံရိပ်ကျဆင်းမှုကိုသာ ဦးတည်လာနိုင်စေတယ်လို့ မှတ်ချက်ပြုပါတယ်။

“ သတင်းစာဖြစ်ပေါ်လာဖို့ ပထမဦးဆုံး ငွေကြေးကမကထပြုမယ့်သူက အလိုတော်ပြည့်ဆရာတော် ဘုရားကြီးလို့ သိရပါတယ်။ ဆရာတော်ကြီးဟာ ယခင် တပ်မတော်အစိုးရလက်ထက်က ဗိုလ်ချူပ်ခင်ညွန့် ကိုးကွယ်ခဲ့တဲ့ ဆရာတော်ဖြစ်သလို ယခုထိတိုင်ပဲ တပ်မတော်ထိပ်သီးများရဲ့ အလေးပေးခြင်းကို ခံရတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ။ တစ်ဘက်မှာ ကောင်စီက ယခုလို ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ ဒေသခံ သတင်းသမားတွေနဲ့ လုံးဝညှိနှိုင်းခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ကောင်စီက စီစဉ်ပြီး အလိုတော်ပြည့်ဆရာတော်က ငွေထုတ်ပေးတဲ့ အဲဒီ သတင်းစာ ပေါ်ပေါက်လာရင် လွတ်လပ်တဲ့သတင်းစာတစ်စောင်လို့ ကျွန်တော်တို့ ယုံကြည်ဖို့ ခက်သွားပါပြီ။ နိုင်ငံတကာရဲ့ အမြင်မှာလည်း ရခိုင်အရေးမှာ ဒီသတင်းစာပေါ်ပေါက်လာရခြင်းက သံသယဝင်စရာတစ်ခု ဖြစ်ဖို့ လမ်းကြောင်းချပေးလိုက်သလို ဖြစ်နေပါလိမ့်မယ်။”

ကောင်စီအနေနဲ့ကတော့ သတင်းစာပေါ်ပေါက်ဖို့ ကြီးမှူးစီစဉ်ရုံမှအပ နောင်တစ်ချိန်မှာ ဒေသခံသတင်းသမား တွေနဲ့ စိတ်ဝင်စားသူ ရှယ်ယာထည့်ဝင်နိုင်သူများနဲ့ လွှဲပေးနိုင်ဖို့သာ ရည်ရွယ်ပါတယ်လို့ ဒေါက်တာ မျိုးသန့်တင်က မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly