ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများအား နေရာသပ်သပ်စီ ချထားပေးမည်

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများအား နေရာသပ်သပ်စီ ချထားပေးမည်
ပြန်လည်နေရာချထားပေးသော မောင်တောမြို့နယ်၊ ကိုင်းကြီး (မြို) ရွာအား ဇန်နဝါရီလ ၇ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ။                ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများအား ပြန်လည် နေရာချထားပေးရန် အစိုးရမှ ပြင်ဆင်နေပြီး   နေရာသပ်သပ်စီ ချထားပေးရန် အစီအစဉ်များ ရှိနေကြောင်း တွေ့ရသည်။

သတင်းထုတ်ပြန်ရေးကော်မတီမှ  ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားချက်တွင် ပါရှိခြင်း ဖြစ်သည်။

ပြန်လည်လက်ခံရေးစခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်း ၊ တို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီလ ၈ ရက်နေ့တွင် အဆိုပါနေရာကို ရောက်ရှိခဲ့သည့် မဇ္ဈိမ မှ တွေ့ရှိခဲ့ရသည်။

အစိုးရအနေဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူများထဲမှ ဟိန္ဒူဘာသာဝင်များအား အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနှင့် လေးမိုင်တို့တွင်   နေရာချထားပေးမည်ဖြစ်ပြီး နေအိမ်များ ဆောက်လုပ်နေသည်ဟု ထုတ်ပြန်ထားသည်။

ယင်းအပြင် ဒေသခံတိုင်းရင်းသားများအတွက် သစ်တုံးနား ခွဆုံ (မြို)ရွာ၊ ခုံတိုင်(မြို)ရွာ၊ ဇော်မတက်အုပ်စု၊ ပဒကား ရွာသစ်၊ အောင်စစ်ပြင်အုပ်စု တောင်ပြိုကား လမ်းဘေး၊ ဖော်တီတောင်(မာရမာ) မူလကျေးရွာ၊ နံသာတောင်(ရခိုင်) မူလကျေးရွာ၊ သက်တိုင်ညာ (သက်)မူလကျေးရွာ၊ အောင်သပြေရွာ၊ အောက်ပြူးမ နှင့် ခမောင်းဆိပ်မြို့အနီးတို့တွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ပေးထားသည်ဟု သိရသည်။

ပြန်လည်ဝင်ရောက်လာမည့်သူများထဲမှ အစ္စလာမ်ဘာသာဝင်များအတွက် မည်သည့်နေရာတွင် ချထားပေးမည် ကို အစိုးရမှ အတိအကျ ထုတ်ပြန်ထားခြင်းမရှိသော်လည်း ကျေးရွာများတွင် လူနေအိမ်များ ဆောက်လုပ်ပေး နေသည်ဟု ထုတ်ပြန်ထားသည်။

သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD) ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဝင်းမြတ်အေးက ပြန်လာမည့်သူများကို နေအိမ်များ အသင့်မဖြစ်သေးခင် လှဖိုးခေါင်ဆိုသည့် ကြားစခန်းတွင် ခေတ္တ ထားရှိမည်ဟု ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်နေ့က မဇ္ဈိမသို့ ပြောဆိုထားသည်။

"ကြားစခန်းဆိုတာကတော့ ရက်အနည်းငယ်နေရမယ်။ ဒါမှမဟုတ် လအနည်းငယ် နေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အိမ်တွေဆောက်နေတဲ့ အချိန်အတွင်းပေါ့နော်။ တစ်ချို့နေရာတွေကလည်း မဆောက်ရသေးဘူး၊ ဒီကာလက ဒီအတိုင်းပဲရှိနေမှာ ဆောက်ပြီးသားအဆင်သင့်တော့ ရှိမနေဘူးလေ" ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်း၌ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်းများ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူအမြောက်အမြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်း ထွက်ပြေးသွားသည့် ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး မည်မျှရှိသည်ကို အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly