မိုးကုတ်မြို့ကို မြန်မာ့ခရီးသွားကဏ္ဍတွင် အရေးပါသောမြို့ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်

မိုးကုတ်မြို့ကို မြန်မာ့ခရီးသွားကဏ္ဍတွင် အရေးပါသောမြို့ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်

 

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။               ။ မန္တလေးမြို့ မြောက်ဘက်တွင်ရှိသည့် မိုးကုတ်မြို့ကို မြန်မာ့ခရီးသွားကဏ္ဍတွင် အရေးပါသောမြို့ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဟု မိုးကုတ် နှစ် ၈၀၀ ပြည့်အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ရန်ကုန်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်တွင် ယနေ့ (ဇန်နဝါရီ ၁၂ ရက်) တွင်ပြုလုပ်ခဲ့သည့် မိုးကုတ် နှစ် ၈၀၀ ပြည့်အခမ်းအနားနှင့်ပက်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပွဲတော်ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောဆိုစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အရေးပါတဲ့ဒေသတစ်ခုဖြစ်လာချင်ပါတယ်။ နောက် နိုင်ငံတကာ အပါအဝင် ပြည်တွင်းမှာလည်း မြန်မာ ပြည်သူ ပြည်သားတွေခရီးထွက်မယ်ဆိုရင် မိုးကုတ်မြို့ဟာလည်း ခရီးထွက်လို့ ကောင်းတဲ့ ၊ သွားပြီးလည်ပတ်လို့ ကောင်းတဲ့ မြို့တစ်မြို့ဖြစ်တယ်ဆိုတာ သိအောင် လုပ်တာ ဖြစ်ပါတယ်  "  ဟု ဒေါက်တာသက်သက်ခိုင် ကပြောဆိုသည်။

သမိုင်းအချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် မြို့သက်တမ်း နှစ် ၈၀၀ ပြည့်မည်ဖြစ်သည့် မိုးကုတ်မြို့သည် ကျောက်မျက်ရတနာလုပ်ငန်းများသာမကဘဲ ခရီးသွားလုပ်ငန်းပါ လုပ်ဆောင်ရန် သင့်တော်သည့် မြို့လည်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် မိုးကုတ် နှစ် ၈၀၀ ပြည့်အခမ်းအနား ကိုလာမည့် မတ်လ ၂၉ ရက်မှ ၃၁ ရက်ထိ ၃ ရက်တိုင်တိုင် မိုးကုတ်မြို့ထဲရှိ မှုံကွင်းတွင် ကျောက်မျက် ရတနာနှင့် ခရီးသွားလုပ်ငန်းများ ဖွံဖြိုးစေရန် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရှမ်း၊ ပလောင်၊ လီဆူ၊ ပအို့ဝ်၊ ချင်း၊ ကိုးကန့်၊ ဂေါ်ရခါး အစရှိသည့် မတူကွဲပြားသည့် ယဉ်ကျေးမှုများနှင့် လူဦးရေ တစ်သိန်း ခြောက်သောင်းကျော်ရှိသည့် မိုးကုတ်မြို့တွင် တော၊ တောင်၊ ရေ၊ မြေ သဘာဝများကလည်း ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြုနေကြောင်း ဒေါက်တာသက်သက်ခိုင် ကပြောသည်။

မြန်မာနိုင်ငံဟုဆိုပါက ပုဂံ၊ အင်းလေး၊ မြောက်ဦး အစရှိသည့် ဒေသများလို ခရီးသွားများ ဝင်ရောက်လာစေခြင်း ဖြင့် ဒေသခံတိုင်းရင်းသားများပါ အလုပ်အကိုင်အခွင့်အလမ်းများ ပိုလာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။

မိုးကုတ် နှစ် ၈၀၀ ပြည့်အခမ်းအနားနှင့်ပက်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို မိုကုတ်မြို့ဒေသခံ ကျောက်မျက်လုပ်ငန်းရှင်အချို့၊ အနုပညာရှင်များနှင့် မိုးကုတ်မြို့သူမြို့သားများ တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly