၂၀၁၈ သြစတြေးလျအိုးပင်းတွင် ဆီဒင်အဆင့် ၁ အဖြစ် ရာဖေးနာဒယ် သတ်မှတ်ခံရ

၂၀၁၈ သြစတြေးလျအိုးပင်းတွင် ဆီဒင်အဆင့် ၁ အဖြစ် ရာဖေးနာဒယ် သတ်မှတ်ခံရ

 

ဇန်နဝါရီ ၁၂၊ သြစတြေးလျ ။            ။ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

၂၀၁၈ ရာသီသစ် ပထမဆုံးဂရင်းစလင်းပြိုင်ပွဲကြီးအတွက် ဆီဒင်အဆင့်သတ်မှတ်ချက်တွေထွက်ပေါ်လာခဲ့ရာမှာတော့ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က ဆီဒင်အဆင့်တစ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နာဒယ်ဟာ ပြီးခဲ့တဲ့နှစ် သြစတြေးလျဂရင်းစလင်းမှာ ဒုတိယသာရခဲ့ပေမယ့် ၂၀၁၇ ခုနှစ်အတွင်းမှာ ယူအက်စ်အိုးပင်းဂရင်းစလင်းနဲ့ ပြင်သစ်အိုးပင်းဂရင်းစလင်းပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နာဒယ်ဟာ ၂၀၁၈ နှစ်သစ်ရဲ့ ပထမဆုံးဂရင်းစလင်းပွဲကြီးမှာ ဆီဒင်အဆင့် ၁ ဖြစ်လာရတာ ဖြစ်ပါတယ်။ နာဒယ်ဟာ ဆီဒင်အဆင့် ၁ ဖြစ်ပေမယ့် သြစတြေးလျအိုးပင်းမှာ ၂၀၀၉ ခုနှစ်က တစ်ကြိမ်သာ ဗိုလ်စွဲထားဖူးပါတယ်။

ပြီးခဲ့တဲ့နှစ် သြစတြေးလျအိုးပင်းမှာ ဗိုလ်စွဲခဲ့တဲ့ ရော်ဂျာဖက်ဒါးရားကတော့ ဒီနှစ်မှာ ဆီဒင်အဆင့် ၂ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပေမယ့် ဖက်ဒါးရားဟာ သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ဖက်ဒါးရားဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ သြစတြေးလျအိုးပင်းဂရင်းစလင်းပြိုင်ပွဲနဲ့ ဝင်ဘယ်ဒန်ဂရင်းစလင်းပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့သူပါ။ လက်ရှိ ကမ္ဘာ့အဆင့် ၂ နေရာမှာ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ဖက်ဒါးရားဟာ သြစတြေးလျအိုးပင်းမှာ ငါးကြိမ်ဗိုလ်စွဲထားဖူးပါတယ်။

သြစတြေးလျအိုးပင်းမှာ ၆ ကြိမ်အထိဗိုလ်စွဲထားတဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ကတော့ ဆီဒင်အဆင့်သတ်မှတ်ချက် အဆင့် ၁၄ ကို ရောက်ရှိနေပါတယ်။ နာဒယ်နဲ့ဖက်ဒါးရားတို့ကို ကျော်ပြီး ကမ္ဘာ့အဆင့် ၁ ဖြစ်ခဲ့ဖူးတဲ့ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ တံတောင်ဆစ်ဒဏ်ရာကြောင့် အကြီးအကျယ်ရုန်းကန်ခဲ့ရပါတယ်။ ဂရင်စလင်းပြိုင်ပွဲတွေမှာ ဆက်တိုက်ရှုံးပွဲတွေ ကြုံခဲ့ရသလို ATP world tour ပြိုင်ပွဲတွေမှာလည်း ရလဒ်မကောင်းခဲ့ပါဘူး။ ၂၀၁၇ ဇူလိုင်လမှာတော့ ဂျိုကိုဗစ်ဟာ သူ့ရဲ့ ဒဏ်ရာအပြည့်အဝပြန်ကောင်းလာဖို့ အနားယူခဲ့ပြီး ယူအက်စ်အိုးပင်းပြိုင်ပွဲကို လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင့် ၁၄ အထိကျဆင်းသွားခဲ့ပြီး အခုဆီဒင်သတ်မှတ်ချက်မှာ အဆင့် ၁၄ ဖြစ်နေရတာ ဖြစ်ပါတယ်။

ရည်ညွှန်း ဝီကီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly