ရခိုင်တောင်ပိုင်း ကမ်းခြေတစ်ခုမှာ ဝေလငါးတစ်ကောင် သေဆုံးလျက် တွေ့ရှိပြန်

ရခိုင်တောင်ပိုင်း ကမ်းခြေတစ်ခုမှာ ဝေလငါးတစ်ကောင် သေဆုံးလျက် တွေ့ရှိပြန်
ဓာတ်ပုံ –  ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပင်လယ်ကမ်းစပ်သို့ သောင်တင်လာသည့် ဝေလငါးကြီးကို အသက်ရှင်လျှင် လွှတ်ပေးခဲ့စဉ်က (ဓာတ်ပုံ – RiA)

 

မာန်အောင်၊ ဇန်နဝါရီ ၁၂ ရက်။             ။ ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့နယ်၊ အိုးဝအုပ်စု၊ ကံလက်ကျေးရွာကမ်းခြေတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က သေဆုံးနေသော ဝေလငါးတစ်ကောင်ကို ထပ်မံတွေ့ရှိရကြောင်း ကျောက်ဖြူခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထိုတွေ့ရှိရသော ဝေလငါးမှာ အလျား ၂၀ ပေ၊ လုံးပတ် ၁၅ ပေ၊ မေးရိုး ၅ ပေ ၅ လက်မရှိကာ တောင်ပံတို့မှာ ပုပ်သိုး ဆွေးမြေ့နေပြီဖြစ်သောကြောင့် အရှည်ပေ မည်မျှရှိသည်ကို တိုင်းတာ၍ မရတော့ပြီဖြစ်ကြောင်း သိရသည်။

“ဟုတ်တယ်။ ရွာက သတင်းပို့မှသိရတာ။ အယပ်တွေကတော့ ပုတ်နေပြီ။ ပျက်နေပြီ။ တိုင်းတာလို့ မရတော့ဘူး။” ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းသိန်းက ပြောသည်။

အဆိုပါ ငါးကို တွေ့ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ လက်ရှိတွင် မြေမြှပ်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ ငါးကိုမြေမြှပ်ရန် လုပ်သား ၁၀ ဦးခန့်နှင့် ငွေကျပ် ၁ သိန်းခန့် ကုန်ကျမည်ဖြစ်ကာ နိုင်ငံတော်မှ ဘတ်ဂျတ်ငွေ သီးသန့် ထုတ်ပေးထားခြင်းမရှိသောကြောင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနများ အနေဖြင့်  အခက်ကြုံရကြောင်း သူက ဆိုသည်။

“မြှပ်ဖို့တော့ ကြိုးစားနေကြတယ်။ အဲလောက် ငါးတစ်ကောင် မြေမြှပ်ဖို့အတွက် လုပ်သားငှားရတယ်။ တွင်းတူးရတယ် ဘာညာပေါ့။ မြို့နယ်မှူးတွေ ဒုက္ခကျတယ်။ ပိုက်ဆံကျတာလည်းမဟုတ်။ အမှန်မှာက ဒီသုတေသနကိစ္စအတွက် ဘတ်ဂျက်ဟာ သီးခြားသွားနေရမှာလေ။ ပြီးမှပဲ လုပ်ရကိုင်ရတာ လွယ်ကူမယ်။” ဦးထွန်းသိန်းက ပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တို့တွင် ဘေးမဲ့အဖြစ် သတ်မှတ်ထားသော ဝေလငါးနှင့် ရေဝက်များကို အသက်ရှင်လျှက်သော်လည်းကောင်း သေလျှက်သော် လည်းကောင်း မကြာခဏဆိုသလို တွေ့ရှိရကြောင်း သိရသည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ က အလျား ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၂ လက်မ၊ ဘေးယပ် ၃ ပေ၊ အမြီး ၃ ပေ ၄ လက်မ၊ ဦးခေါင်း ၅ ပေနှင့် အလေးချိန် ၂ တန်ရှိသည့် အနက်ရောင် ဝေလငါးကြီးတစ်ကောင် အသက် ရှင်လျှက် သောင်တင်နေသည်ကို ပြန်လည် လွှတ်ပေးခဲ့သည့်အတွက် ပထမဆုံးအကြိမ်လွှတ်ပေးနိုင်ခဲ့ခြင်းဟု မြန်မာ့ ငါးလုပ်ငန်းသမိုင်းတွင် မှတ်တမ်းဝင်ခဲ့သည်။

အလားတူစွာ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်လည်း အလျား ၃၃ ပေ၊ လုံးပတ် ၁၆ ပေရှိသော ရေဝက်တစ်ကောင် ကိုလည်း ၂၀၁၆ ခုနှစ်မတိုင်မီက တွေ့ရှိခဲ့ကြောင်းနှင့် ကုလားတန်မြစ်ကြောင်း တစ်လျှာက်တွင်လည်း အဆိုပါရေဝက်များကို မ ကြာခဏ တွေ့ရှိရသလို တစ်ခါတစ်ရံတွင် သေလျှက်တွေ့ရှိရတတ်သည်။

မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသော ရေဝက်၊ ဝေလငါးပြာ၊ ဧရာဝတီလင်းပိုင်၊ ကျောဘို့ပါ လင်းပိုင်၊ လင်းရှု၊ ဘ ရိုင်းဝေလငါး၊ ဖယောင်းဆီထုတ်ခေါင်းကြီး ဝေလငါး၊ ကျောရိုး ဆူးကောင်ကြီးဝေလငါးနှင့်စသည့် ရေနေသတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်လျှင် မြန်မာနိုင်ငံငါးလုပ်ငန်းဥပဒေအရ အရေးယူသွားမည်ဖြစ် ကြောင်းလည်း ငါးလုပ်ငန်းဦးစီးဌာနမှ ဇန်နဝါရီလ ၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထား သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly