ရခိုင်မြောက်ပိုင်းမှာ ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း ၂၉၂ ကျောင်းဖွင့်ပြီးထားပြီဟုဆို

ရခိုင်မြောက်ပိုင်းမှာ ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း ၂၉၂ ကျောင်းဖွင့်ပြီးထားပြီဟုဆို

 

မောင်တော၊ ဇန်နဝါရီ ၁၂ ရက်။                 ။ ရခိုင်မြောက်ပိုင်းတွင် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပိတ်ထားခဲ့ရသော အခြေခံပညာ စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်လျှက်ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အခြေခံပညာစာသင်ကျောင်းများကို သြဂုတ်လ ၂၅ ရက်နေ့ မှစတင်ကာ မောင်တောခရိုင်တစ်ခုလုံးရှိ စာသင်ကျောင်း စုစုပေါင်း ၆၅၀ တွင် ၄၂၄ ကျောင်းကို တစ်ပြိုင်နက်တည်း ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် ၁၀၅ ကျောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ၁၇၇ ကျောင်းနှင့် ရသေ့တောင်မြို့နယ်တွင် ၁၀ ကျောင်း စုစုပေါင်း ၂၉၂ ကျောင်းကို ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ကောက်ယူ ရရှိထားသော စာရင်းဇယားများအရ သိရသည်။

“မောင်တောခရိုင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တွေမှာ ရနိုင်တဲ့ကျောင်းတွေကို တစ်ဖြည်းဖြည်း ရက်အလိုက်ပေါ့ စီမံချက်အတိုင်းဖွင့်တာ။” ဟု  ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘထွီးစိန်က ပြောသည်။

ယင်းဖွင့်လှစ်ပြီး စာသင်ကျောင်းများတွင် အစိုးရ စာသင်ကျောင်းများဖြစ်သည့် ရခိုင်တိုင်းရင်းသားကျေးရွာများရှိ အခြေခံ ပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစသည့် စာသင်ကျောင်းများ ပါဝင်သလို ဘင်္ဂါလီကျေးရွာများရှိ စာသင်ကျောင်းများ ပါဝင်ကြောင်းလည်း သိရသည်။

 “ဟုတ်တယ်။ ဘင်္ဂါလီကျောင်းတွေပါတယ်။ အများအားဖြင့်။ တိုင်းရင်းသားကျေးရွာမှာရှိတဲ့ ကျောင်းတွေကို တော့ ဖွင့် ထားပြီပေါ့လေ။”ဟု ဦးဘထွီးစိန်က ဆိုသည်။

ယင်းအပြင် မောင်တောတွင် ၇၈ ကျောင်း၊ ဘူးသီးတောင်တွင် ၄၄ ကျောင်းနှင့် ရသေ့တောင်တွင် ၁၀ ကျောင်း စုစု ပေါင်း ၁၃၂ ကျောင်းဖွင့်လှစ်ရန်ကျန်နေသေးပြီး စီမံချက်အလိုက် အခြေအနေအရ တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required