လူ ၈ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်သည့် ကယ်လီဖိုးနီးယားရေကြီးမြေပြိုမှု

.

 

လော့စ်အိန်ဂျယ်လိစ်၊ ဇန်န၀ါရီ ၁၁ ။         ။ ယခုအပတ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ မွန်တီစီတိုမြို့မှ ရေကြီးမြေပြို မှုအတွင်း လူပေါင်း ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၁၇ ဦးခန့်သေဆုံးကာ ၂၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆန်တာ ဘာဘရာကောင်တီ မီးသတ်ဌာနမှ ကြာသာပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကနဦးက မွန်တီစီတိုမြို့မှ လူပေါင်း ၁၇ ဦးခန့် ပျောက်ဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ယခုအခါတွင် အချို့ ကို ပြန်ရှာတွေ့ခဲ့သော်လည်း ၈ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ ရေကြီးမြေပြိုမှုမှာ ဆောင်းရာ သီမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရွှံ့မြေပြိုကျမှုတို့ကြောင့် ထိုဒေသမှ နေအိမ်ဒါဇင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သောဒီဇင်ဘာလက တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မွန်တီစီတိုဒေသ၌ ယခုအခါ တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့မြေများ မျောပါလာပြီး နေအိမ်များကို တိုက်စားသွားခဲ့ကြောင်း သိရသည်။

ဒါ့အပြင် လက်ရှိအချိန်ထိ နေအိမ်ပေါင်း ၁၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဟတ်တာပေါင်း ၁၁၃၃၀၀ ခန့်ကို လောင်ကျွမ်းခဲ့သည့် ကယ်လီဖိုးနီးယားသမိုင်း၌ အကြီးမားဆုံး သောမတ်စ် တောမီးကြောင့် မိုးရေများကိုစုပ်ယူပြီး မြေဆီလွှာများကို ခိုင်ခံ့အောင် ပြုလုပ်ပေးသည့် သစ်တောများ၊အပင်များ ပြုန်းတီးခဲ့ရသည့်အတွက် ယခုလိုမြေပြိုမှုများ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုခဲ့သည်။