ချမ်းသာသည့် နိုင်ငံများက ရွှေ့ပြောင်းသူများကို တံခါးဖွင့် လက်ခံရန် ကုလသမဂ္ဂ တိုက်တွန်း

ချမ်းသာသည့် နိုင်ငံများက ရွှေ့ပြောင်းသူများကို တံခါးဖွင့် လက်ခံရန် ကုလသမဂ္ဂ တိုက်တွန်း

 

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၂ ။               ။ ချမ်းသာသည့်နိုင်ငံများအနေဖြင့် ရွှေ့ပြောင်းဝင်ရောက်သူများ သို့မဟုတ် ဒုက္ခတွေ့ လူဦးရေနှင့် စီးပွားရေးကျဆင်းမှု ဒဏ်သင့် ပြည်သူများ   ရွှေ့ပြောင်းဝင်ရောက်နေခြင်းကို ကိုယ်တိုင်တံခါးဖွင့် ကြိုဆိုရလိမ့်မည်ဟု ကုလသမဂ္ဂက မှတ်ချက်ပြု ပြောကြားသည်။

ထိုသို့ မလုပ်ဆောင်ပါကလည်း တရားဝင် ဝင်ရောက်ခွင့် မတတ်နိုင်သော ရွှေ့ပြောင်းသူများက ခိုးဝင်နေမည်ပဲဖြစ်ရာ ယင်းကို ရပ်တန့်နိုင်စွမ်း မည်သည့်အခါမျှ ရှိနိုင်လိမ့်မည် မဟုတ်၍ပဲ ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုခြင်းဖြစ်သည်။

ဘေးကင်းလုံခြုံရေး၊ စီစဉ်စနစ်ကျခြင်းနှင့် ပုံမှန်ရွှေ့ပြောင်းသူများ ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်သည့် ယခုနှစ် စေ့စပ်ဆွေးနွေးမှု၏ အခြေခံမူဘောင်အဖြစ် အထက်ပါသဘောထားကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ဇန်နဝါရီ ၁၁ ရက်တွင် အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူဘောင်အား နိုင်ငံတကာသဘောတူညီမှုကို ဒီဇင်ဘာလတွင် မော်ရိုကို၌ ထိပ်သီးညီလာခံကျင်းပစဉ် အတည်ပြုဖွယ် ရှိသည်။

ချမ်းသာသည့် နိုင်ငံများက ရွှေ့ပြောင်းဝင်ရောက်သူများကို အတားအဆီးထားခြင်းသည် စီးပွားရေးထိခိုက်မှုကို ဖြစ်စေကြောင်း၊ ရွှေ့ပြောင်းသူများကို တံခါးဖွင့်မူဝါဒကသာလျှင် အကျိုးအများဆုံး ဖြစ်စေပြီး လူမှောင်ခိုကုန်ကူးသည့်အဖွဲ့များအား အမြစ်ဖြုတ်ရာတွင် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ကြောင်း ဂူတာရပ်စ်က ဆိုသည်။

“ရွှေ့ပြောင်းဝင်ရောက်တာတွေဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေကိုရော၊ လက်ခံတဲ့ အိမ်ရှင်နိုင်ငံကိုပါ စီးပွားရေးနဲ့ လူမှုရေးတွေမှာ အကျိုးရှိစေမှာပါ။ ရွှေ့ပြောင်းဝင်ရောက်သူများက ကျွန်တော်တို့ကို ပေးတဲ့ အခွင့်အလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံရပါမယ်။”ဟု ၎င်းက ပြောခဲ့သည်။

ရွှေ့ပြောင်းဝင်ရောက်သူများအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေးခြင်း၊ မညီမျှမှုများကို လျော့နည်းစေခြင်း၊ ကွဲပြားလူမှုအသိုင်းအဝန်းများ ချိတ်ဆက်ဖြစ်စေခြင်းနှင့် လူဦးရေကြီးထွားမှုနှင့် ကျဆင်းမှုတို့ကို ကိုင်တွယ်နိုင်ခြင်းများ ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly