ဆန်းချက်ဇ်နေရာအစားထိုးရန် ဘော်ဒိုးအသင်းတိုက်စစ်မှူး မားကွင်းကို အာဆင်နယ် ပစ်မှတ်ထား

ဆန်းချက်ဇ်နေရာအစားထိုးရန် ဘော်ဒိုးအသင်းတိုက်စစ်မှူး မားကွင်းကို အာဆင်နယ် ပစ်မှတ်ထား

တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ဒီဇန်နဝါရီမှာ သင့်သင့်တဲ့ ကမ်းလှမ်းမှု ရောက်ရှိလာပြီး အသင်းကလည်း သူ့နေရာကို အစားထိုး ခေါ်ယူနိုင်မယ်ဆိုရင် သူဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာသွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ သုံးနှစ်ခွဲကစားခဲ့ပြီးနောက် ထွက်ခွာသွားဖွယ်ရှိနေတဲ့  ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် အသင်းကလည်း ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်နေရာကို အစားထိုးမှု မပြုလုပ်ဘဲ ရောင်းချဖို့ တွန့်ဆုတ်နေကြပြီး သူတို့ရဲ့ ပထမဆုံးရွေးချယ်မှုက ဘော်ဒိုးအသင်းရဲ့ အသက် ၂၀ အရွယ်ရှိ ဘရာဇီးတိုက်စစ်မှူး မားကွင်ကို ခေါ်ယူဖို့ပဲဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဆန်းချက်ဇ်ရဲ့ ရောက်ရှိနိုင်ချေ အရှိဆုံးအသင်းကတော့ မန်စီးတီးအသင်းဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

ကလပ်နှစ်သင်းကြား ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ပြောင်းရွှေ့ကြေးအပေါ်မှာတော့ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။

အာဆင်နယ်အသင်းက ချီလီတိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၃၅ သန်းပေးဖို့ မန်စီးတီးကို တောင်းဆိုခဲ့ပြီး စီးတီးကတော့ ပေါင်သန်း ၂၀ ဝန်းကျင်သာ ပေးလိုတယ်လို့ ဆိုထားပါတယ်။ သတင်းရင်းမြစ်တွေအရ ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၅ သန်းနှင့် သန်း ၃၀ ကြား အပေးအယူတစ်ခုဖြစ်လာဖွယ်ရှိတယ်လို့ တွက်ချက်ထားပါတယ်။

ဒါ့အပြင် မန်ယူအသင်းက ရာသီကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆန်းချက်ဇ်ကို မန်စီးတီးနှင့် အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဆန်းချက်ဇ်ဟာ ဒီရာသီ အာဆင်နယ်အသင်းအတွက် ၂၁ ပွဲကစားပေးထားရာမှာ ၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly