ရန်ကုန်တက္ကသိုလ်အမျိုးသမီးအဆောင်စည်းကမ်းနှင့် ကျောင်းသားသမဂ္ဂများအပေါ် ခွဲခြားဆက်ဆံမှုအား ရှင်းလင်း

ရန်ကုန်တက္ကသိုလ်အမျိုးသမီးအဆောင်စည်းကမ်းနှင့် ကျောင်းသားသမဂ္ဂများအပေါ် ခွဲခြားဆက်ဆံမှုအား ရှင်းလင်း

ရန်ကုန် ဇန်နဝါရီ ၁၁ ။              ။ ရန်ကုန်တက္ကသိုလ်အတွင်း အမျိုးသမီးအဆောင် စည်းကမ်းပြင်ဆင်ဖျက်သိမ်းရေးနှင့် ကျောင်းသား သမဂ္ဂများအပေါ် လက်ရှိအစိုးရက ခွဲခြားဆက်ဆံ နေမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) က ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ညနေ ပိုင်းက ရန်ကုန်တက္ကသိုလ်၊ သစ်ပုတ်ပင်မြက်ခင်း ပြင်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်အတွင်းရှိ သီရိဆောင်၊ ရွှေဘို ဆောင်၊ ရတနာဆောင်နှင့် ဒဂုံဆောင်များတွင် ဖိနှိပ် ချုပ်ချယ်သည့်စည်းကမ်းချက်များ ရှိနေကြောင်း၊ အမျိုးသမီးအဆောင်စည်းကမ်းပြင်ဆင် ဖျက်သိမ်း ရေးနှင့်ပတ်သက်၍ တကသ(ဗကသများအဖွဲ့ချုပ်) သည် ဇန်နဝါရီ ၃ ရက်နေ့က ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ထံ တင်ပြခဲ့သည်။

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ထံ တင်ပြခဲ့သည့် တောင်းဆိုစာတွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ သီရိဆောင်၊ ရွှေဘို ဆောင်၊ ရတနာဆောင်နှင့် ဒဂုံဆောင်များတွင် ဖုန်း အသုံးပြုခွင့် ကန့်သတ်ခြင်း၊ ထမင်းစားချိန် ကန့်သတ်ခြင်း၊ အဆောင်မှူးအချို့က အပြစ်ပေးခြင်း၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရသည့်အပြင် မတင်းကျပ်သင့်ဘဲ တင်းကျပ်ထားသော စည်းကမ်းများ ရှိနေကြောင်း တကသ (ဗကသများအဖွဲ့ချုပ်)က ဖော်ပြထားသည်။

ယင်းသို့ တင်ပြ ထားသော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်ခြင်း မရှိသေးသည့်အပြင် ကျောင်းသားသမဂ္ဂများ အပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဥက္ကဋ္ဌဖြစ်သူ ကိုဇော်လင်းထွဋ်က ပြောသည်။

" အရင်တုန်းက ဗကသ ရှိတယ်၊ ဒီဗကသဟာ NLDက ရွေးကောက်ပွဲအနိုင်ရရှိတဲ့အခါကျတော့ NLDကို ထောက်ခံတဲ့ကျောင်းသားတွေကို အစိုးရ က ပံ့ပိုးကူညီမှုတွေလုပ်ပြီး သမဂ္ဂတွေ ဖွဲ့ပေးတာ တွေရှိတယ်၊ ပံ့ပိုးကူညီတာတွေရှိတယ်၊ အဲဒီအခြေ အနေ နှစ်ရပ်နဲ့ကွဲသွားတာပါ၊ ဒီကိစ္စမှာလည်း ကျွန် တော်တို့ Dead line ပေးခဲ့တာ ၁၀ ရက်နေ့ပါ၊ သူ တို့က ဆက်သွယ်လာတာ မရှိတဲ့အတွက် ကျွန်တော်တို့ တောင်းဆိုသွားမှာပါ" ဟု ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဥက္ကဋ္ဌဖြစ်သူ ကိုဇော်လင်းထွဋ်က ပြောသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က အဆောင်စည်းကမ်းဖျက် သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့်ပတ်သတ်၍ အဆောင် သူများနှင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းနောက် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က ဖွဲ့စည်းထားသည့် "ကျောင်းသားထု အခွင့်အရေးကာကွယ်စောင့် ရှောက်ရေးကော်မတီ" က ကျောင်းသားထုအခွင့် အရေးကို ဖိနှိပ်နေသည့် ကျောင်းစည်းကမ်း အဆောင်စည်းကမ်းများ ချက်ချင်းဖျက်သိမ်းရေးအပါအဝင်  အဆောင်နေသူ တို့၏ သဘောဆန္ဒပါမှ သာ စည်းကမ်းအသစ်များချမှတ်ရန်၊ ထိုစည်းကမ်း အသစ်များကိုလည်း ပါချုပ်မှ တရားဝင်စာထုတ်ပြန် ၍ ကျောင်းသားကျောင်းသူများ သိရှိရန်ကြေညာပေးရန်တို့ တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်များကို ဆောင်ရွက်ပေးခြင်း မရှိပါက ဆက်လက်တိုက်ပွဲဝင်၍ ကျောင်းသားထု အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်သွား မည်ဟု ကျောင်းသားထုအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးကော်မတီ တာဝန်ခံ ကိုဘုန်းထက်နောင်က ပြောသည်။

" အခု ကျွန်တော်တို့ကို အကြောင်းမကြားသေး ဘူး၊ ကျွန်တော်တို့ ထပ်ပြီး အကြောင်းကြားမယ်၊ ကျွန်တော်တို့ ဗကသအဖွဲ့ချုပ်ရယ်၊ ကျောင်းသူတွေ ရယ်၊ အဆောင်မှူးတွေရယ်၊ ကျောင်းအုပ်ချုပ်ရေး ရယ် တိုင်ပင်ပြီးတော့ ဖျက်သိမ်းသင့်တာတွေ၊ လုပ် သင့်တာတွေလုပ်ဖို့ ကြိုးစားမယ်၊ မရရင်တော့ တခြားအစီအစဉ်တွေ လုပ်သွားဖို့ရှိတယ်" ဟု ကိုဘုန်းထက်နောင်က ပြောသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်) က ယင်းတောင်းဆိုချက်များကို ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဖြေရှင်း ရန် တောင်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required