၁၄ နှစ်ကျော်ကြာ ထွက်ပြေးလွတ်မြောက်နေသည့် ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်အား ထိုင်းနိုင်ငံတွင် ဖမ်းမိ

၁၄ နှစ်ကျော်ကြာ ထွက်ပြေးလွတ်မြောက်နေသည့် ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်အား ထိုင်းနိုင်ငံတွင် ဖမ်းမိ

ဇန်နဝါရီ ၁၁ ။            ။ လူသတ်ပြီး ၁၄ နှစ်ကျော်ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့တဲ့ ဂျပန် ယာကူဇာခေါင်းဆောင်တစ်ဦးအား ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က ထိုင်းနိုင်ငံမှာ ဖမ်းမိသွားခဲ့ကြောင်း သိရပါတယ်။

ယခု ဖမ်းမိခဲ့တဲ့ အသက် ၇၂ နှစ်ရှိ ရှိဂီဟာရူ ရှီရအိ ဆိုသူ ယာကူဇာခေါင်းဆောင် အဘိုးအိုကိုတော့ ယင်းနေ့က ထိုင်းနိုင်ငံ လော့ပ်ဘူရီခရိုင်မှာ ထိုင်းအထူးရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ၎င်းကိုတော့ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်က ပြိုင်ဘက် ဂိုဏ်းသားတစ်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့  ဂျပန်အာဏာပိုင်တွေက အလိုရှိနေသူလည်း ဖြစ်ပါတယ်။

၎င်းဟာ ယင်းအချိန်က ဂျပန်ကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာနိုင်ခဲ့ပြီး ထိုင်းအမျိုးသမီးတစ်ဦးနဲ့ အကြောင်းပါကာ ဘဝကို အေးချမ်းစွာ ဇာတ်မြှုပ်နေထိုင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း  ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ ယာကူဇာ တက်တူးတွေနဲ့ လက်သန်း ပြတ်နေတဲ့ ရှိဂီဟာရူရဲ့ ဓာတ်ပုံတွေကို ထိုင်းပြည်သူတစ်ဦးက ဖြန့်လိုက်ရာကနေ ယင်းပုံတွေဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် ဂျပန်အာဏာပိုင်တွေက ၎င်းကို တွေ့ရှိသွားခဲ့ပြီးနောက် ထိုင်းရဲတွေကို အကူအညီတောင်းကာ ဖမ်းခိုင်းခဲ့ရတာဖြစ်ပါတယ်။ ၎င်းဟာတော့ ဈေးဝယ်ထွက်လာချိန်မှာပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

" သူက ယာကူဇာ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ ကိုဒိုကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ဆိုတာကို ဝန်ခံသွားခဲ့ပါတယ်၊ ဒီ လူသတ်မှုကို သူလုပ်တယ်လို့တော့ ခုထိ ဝန်မခံသေးပါဘူး၊ ဒါပေမယ့် သေသွားတဲ့သူက သူ့ကို တစ်ခါတုန်းက အနိုင်ကျင့်ဖူးတယ်လို့တော့ ထွက်ဆိုထားပါတယ်" ဆိုပြီး ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဝီရာချိုင် ဆုန်မက်တာက ပြောသွားပါတယ်။

ပတ်စ်ပို့လည်း မရှိ၊ ဗီဇာလည်း မရှိတဲ့ ၎င်းကိုတော့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရင် စွဲဆိုသွားမှာဖြစ်ပြီး ဂျပန်နိုင်ငံကို ပြန်ပို့တဲ့အခါမှာတော့ လူသတ်မှု နဲ့ စွဲချက်တင်ခံရဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required