လသာအမှိုက်ပုံတွင် မွေးကင်းစကလေး စွန့်ပစ်ခဲ့သော မိခင်ဖြစ်သူအား အမှုဖွင့်စစ်ဆေး

လသာအမှိုက်ပုံတွင် မွေးကင်းစကလေး စွန့်ပစ်ခဲ့သော မိခင်ဖြစ်သူအား အမှုဖွင့်စစ်ဆေး
ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် တေါ့မြင်ရသော ကလေးငယ်။ ဓာတ်ပုံ- Kyaw Kyaw Archive

ရန်ကုန်၊ ဇန်နဝရီလ ၁၁ ။            ။ သွေးလန့်ပြီး မွေးကင်း စကလေးငယ်အား စွန့်ပစ်ခဲ့သည်ဆိုသော မိခင်ဖြစ်သူအား လက်ရှိတွင် အမှုဖွင့် စစ်ဆေးနေကြောင်း လသာမြို့နယ်ရဲ စခန်းမှ ရဲအရာရှိက ယနေ့ ဇန်နဝါရီလ ၁၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ၂ ရပ်ကွက်၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ အမှိုက်ပုံတွင် စွန့်ပစ်ခံ ထားရသော မွေးကင်းစမိန်းကလေးငယ်အား ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီခန့် အချိန်တွင် အနီးပတ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ကလေးငိုသံကြား၍ ၁၇ လမ်း နှင့် ၁၈ လမ်းကြားရှိ ရေဆိုးမြောင်းအနီး အမှိုက်ပုံအတွင်း ချက်ကြိုးတန်းလန်းဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကလေးငယ်ကို စွန့်ပစ်ခဲ့သော အသက် ၂၃ နှစ်အရွယ် မိခင်ဖြစ်သူကို လသာမြို့နယ်ရဲစခန်းတွင် (ပ) ၃၉၁/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၁ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

“ လက်ရှိအခြေအနေကတော့ သူနဲ့ပတ်သက်ပြီး ဥပဒေအကြံပြုတင်ထားတယ်။ ဥပဒေအကြံပြုတင်ပြီးတော့ လသာမြို့နယ်တရားရုံးမှာ တရားစွဲမှာပေါ့နော်။ ကလေးကို စွန့်ပစ်တာနဲ့ပတ်သက်ပြီး သူ့ကိုစစ်ဆေးတော့ ပြောရမယ်ဆိုရင်တော့ သူက ကလေးကိုမွေးပြီးတော့ သွေးတွေမြင်တော့ ကြောက်လန့်ပြီး ကလေးကို လွှင့်ပစ် လိုက်တာပေါ့။ အဓိကအကြောင်းအရာ အဲ့ဒါပါပဲ။ သူပြောတာက အဲ့ဒီလိုပဲပေါ့။ အိမ်ပိုင်ရှင်တွေအနေနဲ့ကတော့ ဘာမှမပြောဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့မသိဘူးပေါ့။ ဗိုက်ကြီးတာတို့၊ ဘာတို့လည်း မသိဘူးတဲ့ဗျ။ ပုံမှန်အနေအထားပဲ သိတာပေါ့။ ကလေးမွေးလာတဲ့အချိန်ကျမှ သူ့ဘာသာသူ လွှင့်ပစ်လိုက်တာပေါ့”ဟု အဆိုပါ လသာမြို့နယ်ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ကလေးငယ်ကို စွန့်ပစ်ခဲ့သည့် အမျိုးသမီးမှာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ် ဇာတိ ဖြစ်ပြီး ရန်ကုန်၊ မဟာဗန္ဓုလမ်းရှိ တိုက်ခန်းငါးလွှာတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးတွင် စွန့်ပစ်ခဲ့သည့် ကလေးငယ်အပြင် ၎င်း၏ ဇာတိဖြစ်သော သုံးဆယ်မြို့နယ်အတွင်းရှိ ရွာတွင်လည်း သားဖြစ်သူ ကလေးငယ် နှစ်ဦးရှိကြောင်း စွန့်ပစ်ခံရသည့် ကလေးငယ်ကို ကူညီပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူ ပြုအဖွဲ့ အဖွဲ့ဝင် ဦးကျိုလိုင်းက မဇ္ဈိမသို့ ပြောသည်။ လက်ရှိတွင် ကလေးငယ်ကို ဇန်နဝါရီ ၁ဝ ရက်တွင် ကလေး၏ အဖွားဖြစ်သူထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။

“ ကလေးကို ပြုစုစောင့်ရှောက်ထားတာက တစ်လပြည့်ပြီးဆိုတော့ ကလေးကို လွှဲပေးတာကတော့ ကျန်းမာ ရေးဌာနက ကလေးပြုစုရေးဌာနကနေပြီးတော့ လွှဲပေးတာပေါ့။ ကလေးကျန်းမာရေးက ဒေါင်ဒေါင်မြည် ပကတိ အတိုင်းကောင်းသွားပြီဆိုတော့ သူတို့မှာ မူအရပေါ့။ အုပ်ထိန်းသူနဲ့ အရင်တွေ့ပြီးမှ ဒီကိစ္စတွေကို လုပ်ရမယ် ဆိုတာပါတယ်။ ကျွန်တော်တို့ကတော့ မူလကတော့ ကလေးအမေက စွန့်ပစ်ထားတာဆိုတော့ ကလေးအမေကို တော့ လွှဲပေးဖို့မဖြစ်နိုင်ဘူးပေါ့။ ဒါနဲ့ အဆင့်ဆင့် စုံစမ်းရင်းနဲ့ ကလေးအဖွားနဲ့ တွေ့ခဲ့တာပေါ့။ ဒါနဲ့ ကျန်းမာရေး ဌာနရယ်၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေရယ် မနေ့ကပဲ အလှူငွေ ခြောက်သိန်းခွဲနဲ့အတူ ကလေးရဲ့ အဖွားဆီကို လွှဲပေးခဲ့တာပေါ့”ဟု ဦးကျိုလိုင်းက ပြောသည်။

စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်အား အမှိုက်ပုံး၌ တွေ့ရှိခဲ့ပြီးနောက် ရပ်မိရပ်ဖများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှု အထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်ကလေးဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကာ ဆေးဝါးကုသမှုများပေးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly