ပြန်လည်လက်ခံရေးလုပ်ငန်းများ အဆင်ပြေစေရန် ဆုတောင်းနေဟု ဒေါက်တာဝင်းမြတ်အေး ဆို

ပြန်လည်လက်ခံရေးလုပ်ငန်းများ အဆင်ပြေစေရန် ဆုတောင်းနေဟု ဒေါက်တာဝင်းမြတ်အေး ဆို
မောင်တောမြို့နယ် ငါးခူရကျေးရွာအနီး တည်ဆောက်ထားသော ပြန်လည်လက်ခံရေး ဂိတ်တစ်ခုအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေးချမ်းခိုင်

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ။                    ။ မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ် အဆင်ပြေစေရန် ဆုတောင်းနေသည်ဟု ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးက မဇ္ဈိမကို ပြောသည်။

"လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ တကယ်တော့ ဒါက(ပြန်လည်လက်ခံရေးအစီအစဉ်) ကောင်းတဲ့ကိစ္စလည်း ဖြစ်တယ်။ ဒီမှာ နေသွားတဲ့သူတွေတစ်ဖက်ကို အကြောင်း အမျိုးမျိုးကြောင့် ရောက်သွားတယ် ။ အစိုးရအနေနဲ့ ပြန်လက်ခံရမယ့် ဝတ္တရားရှိတဲ့အတွက်ကြောင့် ကောင်းတဲ့ လုပ်ငန်းစဉ်ကို လုပ်နေတာမို့လို့ ကျွန်တော် မျှော်လင့်တာကတော့ ကူညီမယ့်သူတွေ၊ စောင့်ရှောက်မယ့်သူတွေများပါစေလို့ ဆုတောင်းနေတယ်" ဟု သူက ပြောဆိုသည်။

ARSAအဖွဲ့မှ ပြန်လည်တိုက်ခိုက်မည်ဟု ကြေညာချက်ထုတ်ထားခြင်းကြောင့် ပြန်လည်လက်ခံရေးအစီအစဉ် ထိခိုက်နိုင်မှု ရှိ မရှိ အပေါ်  ဒေါက်တာ ဝင်းမြတ်အေးက  ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏  ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေး က "အဲ့ဒီလိုပဲ ဖြစ်စေချင်တယ်၊ ဒီအနှောင့်အယှက် အဟန့်အတားတွေက အကျိုးမရှိပါဘူး။ ဒါကြောင့်မို့လို့ အနှောင့်အယှက်အဟန့်အတားတွေတော့ မဖြစ်စေချင်ဘူး" ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း၌ နိုင်ငံတကာ ဥပဒေများနှင့်အညီ ခုခံတိုက်ခိုက်မှုများ လုပ်သွားမည်ဟု ARSA အဖွဲ့က ယင်းတို့ အသုံးပြုနေသည့် Twitter စာမျက်နှာမှတစ်ဆင့်  ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ထားသည်။

ထိုသို့ ထုတ်ပြန်ခဲ့ခြင်းသည် ဒုက္ခသည်များ ပြန်လည်လက်ခံရန် အစီအစဉ်များကို ထိခိုက်စေလိုသည့် သဘော ရည်ရွယ်ချက် ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ ဇန်နဝါရီလ ၈ ရက်နေ့တွင်ဖြေဆိုထားသည်။

"ဒုက္ခသည်တွေပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အနှောက်အယှက် မဖြစ်အောင် တည်ငြိမ်အေးချမ်းရေး ဖြစ်အောင် လုပ်သင့်လုပ်ထိုက်တာ ဆောင်ရွက်နေတယ်။ နောက်ထပ် လုံခြုံရေးအင်အား လိုအပ်ရင် လိုအပ်သလို တိုးမြှင့်ပြီး ဆောင်ရွက်သွားမှာပါ" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားခဲ့သည်။

အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ လာမည့် ဇန်နဝါရီလ ၂၂ ရက် ၊၂၃ ရက်နေ့တွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲနှင့် ငါးခူရ ကျေးရွာတို့တွင်   ပြန်လည်လက်ခံရေးဂိတ်များ ဖွင့်လှစ်လက်ခံသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly