ဖောင်ကြိုးပြတ် မျောပါခဲ့သည့် ကျားဖောင် လုပ်သား ၆ ဦး အိန္ဒိယ ပို့စ်ဘလဲယားကျွန်းသို့ ရောက်ရှိနေ

ဖောင်ကြိုးပြတ် မျောပါခဲ့သည့် ကျားဖောင် လုပ်သား ၆ ဦး အိန္ဒိယ ပို့စ်ဘလဲယားကျွန်းသို့ ရောက်ရှိနေ

 

ဇန်နဝါရီ ၁၁ ။             ။ ဖျာပုံမြို့နယ် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဖောင်ကြိုးပြတ်မျောပါခဲ့သည့် ကျားဖောင် လုပ်သားများအနက် ၆ ဦးသည် အိန္ဒိယနိုင်ငံ၊ ပို့စ်ဘလဲယားကျွန်းသို့   ရောက်ရှိနေကြောင်း သိရပြီး ပြန်လည် ခေါ်ယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

၎င်းတို့ ၆ ဦးသည် အိန္ဒိယနိုင်ငံ၊ ပို့စ်ဘလဲယားကျွန်းသို့ ရောက်ရှိနေကြောင်း ရေလုပ်သားများက ၎င်း၏ အလုပ်ရှင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ဖျာပုံမြို့မှ ရေမိုင် ၂၂ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာနေ ရေလုပ်ငန်းရှင် ဦးအောင်ခင်(ခ) အညာသားပိုင် ရွှေဇင်ဖြိုး အင်္ဂလန် ကျားဖောင်သည် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ရေလုပ်သား စိုးအောင်၊ (၃၂)နှစ် ပါ ၆ ဦးနှင့် အတူ ဖောင်ကြိုးပြတ်၍ ပင်လယ်အတွင်း မျောပါပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ပြန်လည်ခေါ်ဆောင်နိုင်ရေး ဖျာပုံမြို့နယ်၊ ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသံချောင်းက ခရိုင်လူ/ကယ်/ပြန် ဦးစီးဌာနသို့ တင်ပြထားကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက်နေ့ ဖျာပုံမြို့နယ်၊ အမာမြို့ ပင်လယ်ပြင်တွင် လုပ်ကိုင်နေသည် ကျားဖောင် ၈၆ ဖောင်မှာ ပင်လယ်သို့ မျောပါပြီး၊ ကျားဖောင်ပါ လူဦးရေ ၂၅၈ ယောက် ပင်လယ်ထဲ မျောပါခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊အမာမြို့ ပင်လယ်ပြင်တွင် ကျားဖောင်လုပ်ငန်းများ လုပ်ကိုင်သည့်နေရာ ဖြစ်ပြီး၊ ကျားဖောင် တစ်ဖောင်တွင် လူ ၃ ဦး လိုက်ပါလုပ်ဆောင်ကြရပြီး ၊ပင်လယ်ပြင် လေကြမ်းတိုက်ခတ်မှု များလျှင် ကျားဖောင်များ ပင်လယ်သို့မျောပါတတ်ပြီး၊အိန္ဒိယနိုင်ငံတွင် ကျားဖောင်လုပ်သားများ အဖမ်းခံရမှုများ ဖြစ်ခဲ့၍ ပြန်လည်ခေါ်ယူခဲ့ရမှုများလည်း ရှိခဲ့သည်။

ကျားဖောင်များမှာ ဖျာပုံမြိုနယ်မှ လုပ်ငန်းရှင် ၁၁ ဦး ပိုင်သည့်ကျားဖောင်များဖြစ်ပြီး ၊ဒီဇင်ဘာလ ၂၄ရက်နေ့ အထိ လူဦးရေ ၂၁၀ကို ပြန်လည်ရှာဖွေကယ်ဆယ်ထားနိုင်ပြီးဖြစ်ကြောင်း ဖျာပုံမြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်း က ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required