ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတဲ့ တီဗက်ဇ်

ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတဲ့ တီဗက်ဇ်

 

ဇန်နဝါရီ ၁၁၊ အာဂျင်တီးနား ။        ။ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းကနေ သူ့ရဲ့ငယ်မွေးခြံပေါက်ကလပ် ဘိုကာဂျူနီယာအသင်းကို   ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

တီဗက်ဇ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ဘိုကာဂျူနီယာအသင်းနဲ့ သုံးကြိမ်မြောက် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ယခုစာချုပ်ကတော့ ၂ နှစ်သက်တမ်း ဖြစ်ပါတယ်။ ဘိုကာဂျူနီယာကို   ပြန်ရောက်လာပြီးတဲ့နောက်မှာတော့ တီဗက်ဇ်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းမှာ ပါဝင်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ တီဗက်ဇ်ဟာ အာဂျင်တီးနားအသင်းမှာ ၂၀၁၅ ခုနှစ်ကတည်းက ရွေးချယ်ခြင်း မခံရတော့သူ ဖြစ်ပါတယ်။

“ကျွန်တော်တို့လို အသက်အရွယ်ကစားသမားတွေအတွက် ဘောလုံးကစားဖို့ အချိန်က သိပ်မကျန်တော့ပါဘူး။ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ချင်ပါတယ်။ ဒီကို ပြန်လာရတဲ့ အဓိက နောက်တစ်ချက်ကတော့ ဘိုကာဂျူနီယာအသင်းနဲ့အတူ ကိုပါလီဘာတာဒိုရက်စ်ဖလားကို ရယူဖို့ပါ။ ဒီဖလားကိုရဖို့ တာဝန်က ကျွန်တော်တို့ပုခုံးပေါ်ကို ကျရောက်လာပါပြီ။ အားလုံးကလည်း ကိုပါလီဘာတာဒိုရက်စ်ဖလားကို လိုချင်နေကြပါတယ်” လို့ တီဗက်ဇ်က ပြောပါတယ်။

တီဗက်ဇ်ဟာ ၂၀၁၅ ခုနှစ်က ဂျူဗင်တပ်စ်ကနေ ဘိုကာဂျူနီယာကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနှစ်တုန်းက ဘိုကာဂျူနီယာအတွက် ပွဲပေါင်း ၅၈ ပွဲကစားခဲ့ရာမှာ ၂၅ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၆ မှာတော့ တစ်ပတ်လစာငွေပေါင် ၆ သိန်းခွဲရရှိမယ့် တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းဆီကိုပြောင်းခဲ့ပါတယ်။ တရုတ်မှာတော့ ပွဲ ၂၀ ကစားခဲ့ရာမှာ ၄ ဂိုးပဲသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အခုတော့ ဘိုကာဂျူနီယာကို တီဗက်ဇ် တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာရပြီ ဖြစ်ပါတယ်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly