ကယ်လီဖိုးနီးယား ရွံ့နွံပြိုကျမှု သေဆုံးသူ ၁၇ ဦး ရှိပြီး အိမ်ခြေ တစ်ရာကျော်ထက် ပျက်စီး

ကယ်လီဖိုးနီးယား ရွံ့နွံပြိုကျမှု သေဆုံးသူ ၁၇ ဦး ရှိပြီး အိမ်ခြေ တစ်ရာကျော်ထက် ပျက်စီး

 

နယူးယောက်၊ ဇန်နဝါရီ ၁၁ ။               ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆိုးဝါးပြင်းထန်သော ရွံ့နွံပြိုကျမှုဖြစ်၍ ကယ်ဆယ်ရေးသမားများက ရဟတ်ယာဉ်များ၊ ခွေးများ သုံးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဇန်နဝါရီ ၁၀ ရက်တွင် ဆက်လက်ဆောင်ရွက်နေရသည်။

အိုဖရာဝင်းဖရေးအပါအဝင် ထင်ရှားကျော်ကြားသူများ အများစုနေထိုင်သည့် အရပ်ဒေသဖြစ်သော ပြည်နယ်တောင်ပိုင်းအရပ်တွင် ဇန်နဝါရီ ၉ ရက်က ဖြစ်ပွားသည့် အဆိုပါ ရွံ့နွံပြိုမှုအတွင်း   သေဆုံးသူပေါင်းသည် ၁၇ ဦးရှိပြီး ပျက်စီးဆုံးရှုံးသည့် အိမ်ခြေပေါင်းက တစ်ရာကျော်ထက်မနည်းရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တောင်စောင်းတောင်ကုန်းများမှ ရွံ့နွံနှင့် အမှိုက်များ မြစ်များအတွင်း စီးဝင်ရာမှ တစ်ဆင့် မွန်တီစီတိုနှင့် အခြားမြို့များတွင် ရွံ့နွံပြိုကျမှုများ   ဖြစ်ပွားရင်ဆိုင်ရခြင်း ဖြစ်သည်။

ဒဏ်ရာရသူပေါင်းက ၂၈ ဦးရှိကာ ပထမအသုတ် ကယ်ဆယ်ရေးတွင် လေကြောင်းဖြင့် မြို့နေ ၅၀ ဦးခန့်ကို ကယ်ထုတ်ခဲ့ရပြီး မြေပြင်တွင်လည်း ဒါဇင်များစွာကို ကယ်ဆယ်ခဲ့ရသည်။

မွန်တီစီတိုနှင့် အခြားမြို့များတွင် ဖုံးလွှမ်းသော ရွံ့နွံများကို ဘူဒိုဇာများဖြင့် ဖယ်ရှား ရှင်းလင်းနေရလျက်ရှိသည်။

ရွံ့နွံဖြင့် မံထားသလိုဖြစ်နေသည့် ကလေးငယ်တစ်ဥိးကို ရွံ့အမှိုက်သရိုက်များအောက်မှ ဆွဲထုတ်ခဲ့ရကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက စိတ်ထိခိုက်စွာ ပြောကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ နှစ်နှစ်အရွယ်ကလေးမလေးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြောင်း ဆိုသော်လည်း “ကျွန်တော် ကလေးမလေး အသက်ရှင်မရှင် မသိသေးဘူး။”ဟု ၎င်း ကယ်ဆယ်ရေးသမားက ပြောသည်။

ယခု ရွံ့နွံပြိုမှုသည် တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကို ခံစားကြုံတွေ့ခဲ့ရသော နယ်မြေဒေသအနီး နောက်ထပ် သဘာဝဘေးတစ်ရပ်နှင့် ရင်ဆိုင်ရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required