ကရင်ပြည်နယ်သည် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးပြည်နယ်အဖြစ်နေ

ကရင်ပြည်နယ်သည် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးပြည်နယ်အဖြစ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။           ။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးပြည်နယ်ဖြစ်နေသည်ဟု အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်း စောင့်ကြည့်ရေးအဖွဲ့၏ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး (အာရှ၊ ပစိဖိတ်၊ အာဖရိက၊ အရှေ့အလယ်ပိုင်း) ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်၊ ကပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် " မြေမြုပ်မိုင်းစောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံအစီရင်ခံစာ ( ဒီဇင်ဘာ ၂၀၁၇ ) " ကိုမိတ်ဆက် သည့် သတင်းစာရှင်းလင်းပွဲတွင်   ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ကရင်အမျိုးအသားအစည်းအရုံး (KNU) အနေဖြင့် အပစ်ရပ်လက်မှတ်ထိုးခဲ့သော်လည်း ယခင်လက်ကျန် မြေမြုပ်မိုင်းများကြောင့် ယခုလို ထိခိုက်မှုအများဆုံးဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၉ နှစ်အတွင်း ရရှိသည့်စရင်းများအပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်တွင် လူ ၄၃၂ ဦးသေဆုံးခဲ့ သော ကြောင့်  ပြည်နယ်နှင့်တိုင်းအားလုံးပေါင်း၏  ၃၁ ရာခိုင်နူန်း ကျော်ရှိနေကြောင်း မြေမြုပ်မိုင်းစောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်သည် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၃၆၅ မှု၊ ပဲခူးတိုင်းတွင် ၂၅၆မှု၊ ရှမ်းပြည်နယ်တွင် ၁၇၁ မှု၊ ကယားတွင် ၉၁ မှုနှင့် တနင်္သာရီ တိုင်းတွင် ၄၈ မှုရှိနေကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှစတင်ကာ ၂၀၁၆ ခုနှစ်ကုန်အထိ လူပေါင်း ၄၀၀၀ ခန့်မြေမြုပ်မိုင်းထိခဲ့သည့်အနက် ၅၀၀ နီးပါးသေဆုံးကာ ၃ထောင်ကျော်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်သင့်ပြီဖြစ်ကြောင်း ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်၊ ကပြောဆိုလိုက်သည်။

" ငြိမ်းချမ်းရေးအဖွဲ့တွေ စားပွဲမှာ ဆွေးနွေးတဲ့ အချိန်က စပြီး ထိခိုက်ပျက်စီးသွားတာ လူ ၁၀၀၀ ကျော်ပါပြီ။ ဒီကိန်းဂဏန်းကို ဖော်ပြရခြင်းက ဒါက သိပ်အရေးကြီးနေပြီ ။စဆွေးနွေးစဉ်မှာပဲ ဒီလောက်ထိခိုက်သွားပြီဆိုတာ သိစေချင်လို့ပါ။ လွန်ခဲ့တဲ့ နှစ်အထိ တစ်ဦးချင်း နာမည် အတိအကျနဲ့ စာရင်းကောက်တာ လူ ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရနေပါပြီ " ဟု၎င်းကဆိုသည်။

သို့သော် အဆိုပါစာရင်းသည် တိကျနိုင်မည်မဟုတ်ဘဲ ၎င်းတို့အဖွဲ့အနေဖြင့် ရရှိနိုင်သည့် သတင်းအချက်အလက်ပေါ်တွင်သာမူတည်၍ ထုတ်ပြန်ရခြင်းဖြစ် သည်ဟု ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်ကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ၇၁ မြို့နယ်တွင် မြေမြှုပ်မိုင်း ရှာဖွေတွေ့ရှိသည်ဟု ကုလသမဂ္ဂက ပြောကြားထားပြီး မြို့နယ်စုစုပေါင်း၏ ၂၀ ရာခိုင်နူန်းမှ မိုင်းသတင်းရထားပြီးဖြစ်သည်ဟု အစီရင်ခံစာကို ကိုးကားကာ ၎င်းကဆက်လက်ပြောဆိုသည်။

စာရင်းတွင်ပါဝင်သည့် မြို့နယ်အားလုံးတွင် မိုင်းရှိသည်ဟုဆိုလိုခြင်းမဟုတ်ဘဲ ကျေးရွာအုပ်စု တချို့တွင်မိုင်းရှိနေသည့်အတွက် မြို့နယ်နာမည်ကိုတပ်ထားရခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required