ဦးသန့် ကိုယ်တစ်ပိုင်းရုပ်တု ဦးသန့် ဦးနုစာကြည့်တိုက်သို့ ပြောင်းရွှေ့ ထားရှိမည်

ဦးသန့် ကိုယ်တစ်ပိုင်းရုပ်တု ဦးသန့် ဦးနုစာကြည့်တိုက်သို့ ပြောင်းရွှေ့ ထားရှိမည်

ရန်ကုန်၊ ဇန်နဝါရီလ ၁ဝ ။          ။ အမြင့် ၁ဝ ပေကျော်ရှိသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တစ်ပိုင်းရုပ်တုကို လာမည့် ဖေဖော်ဝါရီလ၊ ပထမပတ်အတွင်း ကျောက်တန်းမြို့အဝင်ရှိ ဦးသန့် ၊ ဦးနု စာကြည့်တိုက်ရှေ့တွင် ပြောင်းရွှေ့ထားရှိသွားမည်ဖြစ်ကြောင်း ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဦးသန့် ကိုယ်တစ်ပိုင်းရုပ်တုမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကိုယ်တစ်ပိုင်းရုပ်တုဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း စတင် ထုလုပ်ခဲ့ခြင်းဖြစ်ကာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

“ လာမယ့် ဖေဖော်ဝါရီလဆို ပန်းပုထုတဲ့ လုပ်ငန်းက ပြီးပါပြီ။ ပြီးရင် ရုပ်တုကို မိုလောင်းမယ်။ မိုလောင်းပြီးရင် ကွန်ကရစ်ပုံစံလုပ်ပြီးတော့ အပိုင်းပိုင်းလုပ်ပြီး သယ်သွားမှာ။ ဟိုရောက်မှ ဝရိန်နဲ့ ပြန်ဆက်မယ်။ ဒါကြောင့် လာမယ့် ဖေဖော်ဝါရီ ပထမပတ်မှာ ပြောင်းရွှေ့မယ်။ ကိုယ်တစ်ပိုင်းရုပ်တုထဲမှာဆိုရင် မြန်မာနိုင်ငံမှာ အကြီး ဆုံးပေါ့။ ဆယ်ပေရှိတဲ့အရုပ်ဆိုရင်   ခေါင်းတွေပါမယ်.. ခြေထောက်တွေပါမယ်ဆိုရင် မျက်နှာကို သူ့အချိုး အစားနဲ့အတူ သေးသေးလေးပဲမြင်ရမယ်။ အခုက ကိုယ်တစ်ပိုင်းဆိုတော့ ဦးသန့်မျက်နှာကို တဝကြီး ထင် ထင်ရှားရှားကြည့်ရမှာပေါ့။ အဝေးကနေတောင် မျက်နှာကို အားပါးတရကြီးကြည့်လို့ရအောင် ထုလုပ် ထားပါတယ်”ဟု ဦးကျော်ကျော်မင်းက ပြောသည်။

ယခုလက်ရှိတွင် ရုပ်တုမှာ ၉၅ ရာခိုင်နှုန်းကျော် ထုလုပ်ပြီးစီးနေပြီဖြစ်ပြီး အဆိုပါ ရုပ်တုကို နတ်ရေကန် ဦးတင်မောင်ထွေးက လာရောက်အပ်နှံထားခြင်းဖြစ်သည်။

လက်ရှိထုလုပ်နေသည့် ဦးသန့်ရုပ်တုမှာ ပန်းပုပညာရှင် ဦးကျော်ကျော်မင်း၏ ၃ ရုပ်မြောက် ထုလုပ်သော ရုပ်တု ဖြစ်သည်။ လက်ရှိ ထုလုပ်နေသော ၁ဝ ပေအမြင့်ရှိ ဦးသန့်ကိုယ်တစ်ပိုင်းရုပ်တုကို ထားရှိမည့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့အဝင်ရှိ ဦးသန့် ဦးနု စာကြည့်တိုက်တွင် ကျော်ကြားသော ဂီတပညာရှင်ကြီးများ၊ စာရေး ဆရာကြီးများ၊ အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ ပုံတူများကို ထုလုပ်ကာ ပြသထားသော ရုပ်တုပေါင်း ၂ဝ ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly