တံတားဦးမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာအား ကျေးရွာဖွံ့ဖြိုးရေး ထောက်ပ့ံငွေ ပေးအပ်

တံတားဦးမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာအား ကျေးရွာဖွံ့ဖြိုးရေး ထောက်ပ့ံငွေ ပေးအပ်

မန္တလေး၊ဇန်နဝါရီ ၁၀ ။         ။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာအား ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၀ ရက်၊နံနက် ၉ နာရီက တံတားဦးမြို့၊ အင်းဝခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊နိုင်ငံတော်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်   ဆောင်ရွက်နေသည့် ကျေးရွာ ၈ ရွာဖြစ်သည့် အောင်သာကြီး၊ထနောင်းကုန်း၊ တပယ်၊ သားများဘ၊ ဇီးပင်ကွေ့၊ ညောင်ကန်၊ဝံပတေ့နှင့် ငါးရာပြားကျေးရွာတို့ကို တစ်ရွာ ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ပေးအပ်ခဲ့ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

"ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းပါ လုပ်ငန်းတွေကို အကောင်အထည်ဖော်လုပ်ဆောင်မယ့် ကော်မတီတွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ စေတနာကို နားလည်ပြီး ပြည်သူထည့်ဝင်ငွေနဲ့ ထပ်မံပေါင်းစပ်ပြီးဒေသအတွက် အကျိုးရှိမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တက်တက်ကြွကြွနဲ့ဝိုင်းဝန်းပူပေါင်း လုပ်ဆောင်သွားကြပါ"ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ စိုးသန်းကပြောသည်။

တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဦးစီးမှူး ဦးစောဇော်ဝင်းထွန်းက "ထောက်ပံ့ငွေရရှိတဲ့ကျေးရွာတွေမှာ ဖွံ့ဖြိုးရေးလုပ်ဖို့ ကော်မတီတွေ ဖွဲ့ပေးထားတယ်။ သူတို့လုပ်မယ့် ဖွံ့ဖြိုးရေးတွေကို ကျွန်တော်တို့ ကြီးကြပ်၊ လိုအပ်တာ ကူညီပေးသွားမှာပါ"ဟုပြောသည်။

ထောက်ပံ့ငွေရရှိသည့် ကျေးရွာများကိုယ်စား ဦးကျော်ထွန်းက" ကျေးရွာချင်းဆက်လမ်းတွေ ကောင်းအောင်လုပ်မယ်။ ဘာတွေဆက်လုပ်ရမယ်ဆိုတာတော့ ကျွန်တော်တို့ ရွာအားလုံး တိုင်ပင်ညှိုနှိုင်းရဦးမယ်"ဟု ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်အတာအနေဖြင့် ကျေးရွာပေါင်း တစ်ထောင်ကို တစ်ရွာ သိန်းတစ်ရာနှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required