တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်က တရုတ်ကို သံတမန်ရေးအရ ကန့်ကွက်မည်

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်က တရုတ်ကို သံတမန်ရေးအရ ကန့်ကွက်မည်

အငြင်းပွားတောင်တရုတ်ပင်လယ် ကျွန်းစုများတွင် တရုတ်က စစ်ရေးသုံးစွဲမှု မရှိဟူသော ကတိကဝတ် ပျက်ကွက်ခြင်းအပေါ် ဖိလစ်ပိုင်နို်င်ငံက မေးမြန်းပြီးနောက် တရုတ်နိုင်ငံအား သံခင်းတမန်ခင်းအရ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

တောင်တရုတ်ပင်လယ်တွင် စပရတ်တလေးနှင့် ပါရာဆဲလ်ကျွန်းစုကျောက်တန်းများကို လူလုပ်ကျွန်းစုများ တည်ဆောက်ပြီး တရုတ်က ပြောထားပြီး စစ်ရေးဆိုင်ရာ အဆောက်အအုံများနှင့် အထောက်အကူများအတွက် အသုံးချလျက် ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်အနေဖြင့် တရုတ်က လူလုပ်ကျွန်းအဖြစ် တည်ဆောက်ပြီး လက်ရှိ စစ်အခြေစိုက်စခန်း ဖွင့်ထားသည့် Fiery Cross Reef ကျွန်းပေါ်တွင် တရုတ်၏ လှုပ်ရှားဆောင်ရွက်မှုများကို ဖိလစ်ပိုင်က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ ၉ ရက် ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင်လိုရန်ဇန်နာက ပြောသည်။

ပြီးခဲ့သည့်ကာလများအတွင်း တရုတ်နှင့် တင်းမာမှုများ ပြေလျော့ရေး သမ္မတ ဒူတာတေး၏ ကြိုးပမ်းမှုများ ရှိနေလင့်ကစားက လိုရန်ဇန်နာက ယခုကဲ့သို့ ထုတ်ဖော်ပြောလာခြင်း ဖြစ်သည်။

“တရုတ်ဖက်ကတော့ ဒီကျွန်းတွေမှာ စစ်ရေးတည်ဆောက်မှု မရှိဘဲ ခရီးသွားလုပ်ငန်းလိုမျိုး ငြိမ်းချမ်းတဲ့ လုပ်ဆောင်မှုတွေသာ ရှိတယ်လို့ ပြောထားတယ်။”ဟု လိုရန်ဇန်နာက ဆိုသည်။

“ဒါပေမယ့် ဒီကျွန်းမှာ တရုတ်စစ်သားတွေ ဖြန့်ကြက်တာ၊ လက်နက်တွေနဲ့ ကာကွယ်ရေးဆိုင်ရာ အခြားလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ စုံစမ်းအတည်ပြုနိုင်ရင် ဒါဟာ တရုတ်ဖက်က အပြောနဲ့ အလုပ်မညီတာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ဖိလစ်ပိုင် တံငါသည်များကို တရုတ်ကမ်းခြေစောင့်တပ်သားများက အနှောင့်အယှက်ပြုနေသည့် သတင်းများလည်း ရထားကြောင်း လိုရန်ဇန်နာက ပြောသည်။

ဖိလစ်ပိုင်၏ ယင်းသို့ စွဲဆိုပြောကြားမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တရုတ်နိုင်ငံသည် ကိုယ်ပိုင် ပိုင်နက်နယ်မြေတွင် ငြိမ်းချမ်းရေးကို မထိခိုက်သော ဆောက်လုပ်ရေးလုပ်ငန်းများသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောပြီး လိုအပ်တဲ့ နယ်မြေကာကွယ်မှုများ တည်ဆောက်ရန်လည်း တရုတ်အတွက် လိုအပ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required