လေယာဉ်ပျံသန်းနေစဉ် ရန်ထဖြစ်ခဲ့ကြတဲ့ လေယာဉ်မှူးနှစ်ဦးကို အိန္ဒိယလေကြောင်းလိုင်း အလုပ်ဖြုတ်

လေယာဉ်ပျံသန်းနေစဉ် ရန်ထဖြစ်ခဲ့ကြတဲ့ လေယာဉ်မှူးနှစ်ဦးကို အိန္ဒိယလေကြောင်းလိုင်း အလုပ်ဖြုတ်

 

ဇန်နဝါရီ ၉ ။                 ။ အိန္ဒိယ လေကြောင်းလိုင်းတစ်ခုက လေယာဉ်တစ်စင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပျံသန်းနေစဉ် လမ်းခုလတ်မှာ ရုတ်တရက် လေယာဉ်မှူးနှစ်ဦး ရန်ထဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု   ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာ လေကြောင်းလိုင်းက အလုပ်ကနေ ထုတ်ပယ်ပစ်လိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နယူးရီးယားနေ့တုန်းက ခရီးသည် ၃၂၄ ဦးလိုက်ပါလာပြီး လန်ဒန်ကနေ မွမ်ဘိုင်းဆီ ထွက်ခွာပျံသန်းလာတဲ့ Jet Airways လေယာဉ်တစ်စင်းဟာ ပျံသန်းရာ လမ်းခုလတ်မှာပဲ ပိုင်းလော့နှစ်ဦး စကားများ ရန်ဖြစ်ပြီး အခြေအနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါ အဆိုပါ ပိုင်းလော့နှစ်ဦး ကို ထုတ်ပယ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ရပြီဖြစ်ကြောင်း Jet Airways လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

ယင်းဖြစ်စဉ်မှာ အဆိုပါ လေယာဉ်ပျံသန်းနေရင်း အမျိုးသား ပိုင်းလော့က ၎င်းရဲ့ တွဲဘက် အကူ အမျိုးသမီး ပိုင်းလော့နဲ့  ထ စကားများခဲ့ကာ ပါးရိုက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ယင်း လေယာဉ်ပေါ်မှာ ဖြစ်တဲ့ ရန်ပွဲမှာ ပိုင်းလော့နှစ်ဦးအကြား အခြေအတင်ဖြစ်ကြရင်း အမျိုးသမီး ပိုင်းလော့ဖြစ်သူဟာ cockpit (လေယာဉ်မှူးအခန်း) ထဲကနေပါ မျက်ရည်ရွှဲလဲနဲ့ ထွက်လာခဲ့လို့ သူမကို တစ်ခြား အမှုထမ်းတွေကို ၀ိုင်းဝန်းချော့မော့ဖြောင်းဖျခဲ့ရတယ်လို့လည်း အိန္ဒိယ ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ယင်းအချိန်တစ်ချိန်တည်းမှာပဲ သူမနဲ့ ရန်ဖြစ်ခဲ့တဲ့ အမျိုးသားပိုင်းလော့ကလည်း cockpit ခန်းထဲကနေပါ လိုက်ထွက်လာခဲ့တယ်လို့ သိရပြီး ယင်းအချိန်မှာ လေယာဉ် cockpit ထဲမှာ လေယာဉ်မှူးတစ်ဦးမှ မရှိတော့ဘဲ controls စနစ်တွေ ခေတ္တမျှ ထိန်းသူမဲ့ ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ယင်းနောက် ဘေးလူတွေက ၀ိုင်းဝန်းဖြောင်းဖျပေးမှုကြောင့် အခြေအနေ ပြန်လည်တည်ငြိမ်ခဲ့ပြီး ၎င်းပိုင်းလော့နှစ်ဦးကလည်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်ကာ သတ်မှတ်လေဆိပ်ကို ချောမွေ့စွာ ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယင်းဖြစ်စဉ်နောက်ပိုင်း ယခုလို ပြန်လည်စစ်ဆေးသုံးသပ်ပြီး အရေးယူမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

" ဒီဖြစ်စဉ်ကို အသေးစိတ် ပြန်လည်စစ်ဆေး သုံးသပ်ခဲ့ပြီးနောက်မှာတော့ ဒီ လေယာဉ်မှူးနှစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါပြီ" ဆိုပြီး Jet Airways  ကထုတ်ပြန်သွားခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required