၂၀၁၈ ထဲမှာ ရှာကီရာ စုန်းပြုစားခံရနိုင်ပြီး ဗင်နီဇွဲလားတွင် လုပ်ကြံသတ်ဖြတ်မှု ဖြစ်လာနိုင်ဟု မက္ကဆီကို မှော်ဆရာတစ်ဦး ဟောကိန်းထုတ်

၂၀၁၈ ထဲမှာ ရှာကီရာ စုန်းပြုစားခံရနိုင်ပြီး ဗင်နီဇွဲလားတွင် လုပ်ကြံသတ်ဖြတ်မှု ဖြစ်လာနိုင်ဟု မက္ကဆီကို မှော်ဆရာတစ်ဦး ဟောကိန်းထုတ်

 

ဇန်နဝါရီ ၉ ။           ။ ယခုနှစ် ၂၀၁၈ ခုနှစ်ထဲမှာ ကမ္ဘာတစ်ဝှမ်း နိုင်ငံရေးနဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပျက်တွေ့ကြံုလာနိုင်ခြေရှိတဲ့ ဖြစ်စဉ်တစ်ချို့နဲ့ပတ်သက်လို့ မက္ကဆီကိုနိုင်ငံက အန်တိုနီယို ဗက်ဇ်ကွက်ဇ် အမည်ရ မှော်ဆရာတစ်ဦးက တာရော့ ကားချပ်တွေရဲ့ အကူအညီနဲ့ အတူ ကြိုတင်ဟောကိန်းထုတ်သွားခဲ့တယ်လို့ သိရပါတယ်။

၎င်းရဲ့ ဟောကိန်းတွေထဲမှာ ပါရှိသမျှထဲမှာတော့ ယခုနှစ်အတွင်း နာမည်ကျော် အဆိုကျော်တစ်ဦးဖြစ်တဲ့ ရှာကီရာတစ်ယောက် စုန်းပြုစားခံရမှာ ဖြစ်တယ်လို့ ထူးထူးခြားခြား ထည့်သွင်းပြောကြား လာခဲ့ပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားနိုင်ငံမှာဆိုရင်လည်း လုပ်ကြံသတ်ဖြတ်မှုကြီးတစ်ခု ဖြစ်လာမှာ ဖြစ်ပြီး ယခုနှစ်အတွင်း လူအများစိုးရိမ်နေကြတဲ့ နျူကလီးယားစစ်ပွဲကတော့ လက်တွေ့ဖြစ်လာဖို့ မရှိဘူးလို့လည်း  ဟောသွားပါတယ်။

လက်ရှိအချိန်မှာ အသံပိုင်းဆိုင်ရာ ပြဿနာတစ်ချို့ ရှိနေတဲ့ ကိုလံဘီယာ အဆိုတော် ရှာကီရာနှင့်ပတ်သက်လို့ " သူ့ကို ဒီနှစ်ထဲမှာ စုန်းတစ်ကောင်က တိုက်ခိုက်ဖို့ ရှိနေတယ်လို့ ကျူပ် အလိုလို သိနေတယ်" လို့ အဆိုပါ မက္ကဆီကို မှော်ဆရာက ဟောကိန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားစစ်ပွဲတစ်ခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ကလည်း အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေနဲ့အတူ ပြေပျောက်သွားလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။ " ဗုံးတွေ ပျံသန်းကျဆင်းဖို့ မရှိပါဘူး၊ သဘောတူညီချက်တစ်ခု သူတို့ရပါလိမ့်မယ်" လို့ ၎င်းက ခန့်မှန်းသွားပါတယ်။

တောင်အမေရိကဒေသနဲ့ပတ်သက်လို့လည်း သေကိန်းမြင်နေရတယ်လို့ ၎င်းက ဆိုပါတယ်။ " အဲဒီမှာ လုပ်ကြံသတ်ဖြတ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်၊ ဗင်နီဇွဲလား ဒါမှမဟုတ် ဘရာဇီးမှာ ဖြစ်ဖို့ တော်တော်လေးကို နီးစပ်နေပါတယ်" လို့ ၎င်းက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ယခုနှစ်ထဲမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နာမည်ကြီး စပိန်အသင်း ဗိုလ်လုပွဲ ရောက်မယ်လို့ ၎င်းက ခန့်မှန်းလိုက်ပြီး ဗိုလ်စွဲမယ့်အသင်းကတော့ ဂျာမနီဖြစ်တယ်လို့လည်း ဟောကိန်းထုတ်သွားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required