ဒေါ်နယ်ထရမ့်၏ ထရမ့်တာဝါ၌ မီးလောင်မှုဖြစ်ပွား၊ သုံးဦး ဒဏ်ရာရ

ဒေါ်နယ်ထရမ့်၏ ထရမ့်တာဝါ၌ မီးလောင်မှုဖြစ်ပွား၊ သုံးဦး ဒဏ်ရာရ

 

ဇန်နဝါရီ ၉ ။              ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထရမ့် တာဝါအဆောက်အဦး အပေါ်ဆုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက် အစောပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိသွားခဲ့ကာ တစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ နယူးယော့ခ် မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

နယူးယော့ခ်မြို့မှာ ရှိတဲ့ အဆိုပါ ထရမ့်တာဝါ မီးလောင်မှုဖြစ်စဉ်မှာ အစောပိုင်းက တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့ဘူးဆိုပြီး ပြည်တွင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ပေမယ့်လည်း မီးသတ်သမားတစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာတွေ အသီးသီး ရသွားပြီး ၎င်းတို့အနက်က တစ်ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်ဆိုပြီး မီးသတ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။

အဆိုပါ မိုးမျှော်တိုက်အဆောက်အအုံကြီးမှာတော့ သမ္မတထရမ့်ရဲ့ ကိုယ်ပိုင်နေအိမ်တစ်လုံး ရှိနေသလို ၎င်းရဲ့ ကုမ္ပဏီ ရုံးစိုက်ရာနေရာလည်း ဖြစ်ပါတယ်။

မီးလောင်မှုဖြစ်စဉ်ကို မြို့တွင်းမီးသတ်တပ်စိတ် ၂၆ ခုက မီးသတ်သမား ၈၄ ဦးတို့ လာရောက်ငြိှမ်းသတ်ခဲ့ရပြီး မီးလောင်ပြီး တစ်နာရီအကြာမှာပဲ မီးထိန်းလိုက်နိုင်တယ်လို့ နယူးယော့ခ် မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ကန် ရိန်လိုင်က ပြောပါတယ်။

" ဒီတာဝါရဲ့ အမိုးပိုင်းမှာ အသေးစား မီးလောင်မှုတစ်ခု ဖြစ်သွားပါတယ်၊ ဒါပေမယ့် မီးသတ်က  ချက်ချင်း ရောက်လာပြီး အကောင်းဆုံး လုပ်ပေးနိုင်ခဲ့ပါတယ်" ဆိုပြီး သမ္မတထရမ့်၏ သားတစ်ဦးဖြစ်သည့် အီရစ် ထရမ့်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required