၂နှစ်ကျော်တွင်း ပထမဦးဆုံးအကြိမ်အဖြစ် တောင်၊မြောက်ကိုရီးယား နှစ်နိုင်ငံ အစည်းအဝေးပွဲစတင်

၂နှစ်ကျော်တွင်း ပထမဦးဆုံးအကြိမ်အဖြစ် တောင်၊မြောက်ကိုရီးယား နှစ်နိုင်ငံ အစည်းအဝေးပွဲစတင်

 

ဆိုးလ်၊ ဇန်နဝါရီ ၉ ။              ။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် ၂နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် နှစ်နိုင်ငံအစည်းအဝေးပွဲကို အင်္ဂါနေ့တွင် စတင်ကျင်းပလျက်ရှိပြီး လာမည့်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ မြောက်ကိုရီးယားအားကစားသမားများ ပါ၀င်ဆင်နွှဲနိုင်ရေးကို အဓိကထား၍ ဆွေးနွေးမည်ဖြစ်သလို ဒေသတွင်း တင်းမာမှုများလျှော့ချရေးကိုလည်း   ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားမှ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောဆိုခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံနယ်စပ်၌တည်ရှိသော ပန်မန်ဂျွမ်ကျေးရွာ၌ ကျင်းပသည့် အဆင်မြင့်အစည်းအဝေးပွဲသည် လွန်ခဲ့သော ၂၀၁၅ ဒီဇင်ဘာလက နောက်ဆုံးပြုလုပ်ခဲ့သည့်   နှစ်နိုင်ငံအစည်းအဝေးပွဲ ပြီးနောက်  ပထမဦးဆုံး အကြိမ်ပြန်လည်ကျင်းပခြင်းဖြစ်သည်။

လာမည့်ဖေဖေါ်ဝါရီလတွင် တောင်ကိုရီးယား၏ ပြံုချမ်းမြို့တွင်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွင်း မြောက်ကိုရီးယားတို့ ပါ၀င်ဆင်နွှဲမှုသည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်တစ်လျှောက်လုံး ဒုံးပျံလက်နက်စမ်းသပ်မှုများ ကြောင့် မြင့်တက်လာသည့် ဒေသတွင်းတင်းမာမှုကို လျှော့ချနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြသည်။

အစည်းအဝေးပွဲမစတင်မီတွင် အဖွဲ့ဝင်ငါးဦးစီပါ၀င်သည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှ ခေါင်းဆောင်များသည် မိန့်ခွန်းကိုယ်စီပြောကြား၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြောင်း   ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

မြောကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကော်မတီ၏ အကြီးအကဲဖြစ်သူ ရီဆွန်ဂွန်ဖြစ်ပြီး တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂွန်က ဦးဆောင်ခဲ့ပြီး သူနှင့်အတူ ဒုတိယဝန်ကြီးနှစ်ဦး၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနတို့မှ ၀န်ကြီးနှစ်ဦးတို့ ပါ၀င်လာခဲ့သည်။

“ပြံုချမ်းအားကစားပြိုင်ပွဲနဲ့ မသန်မစွမ်းအားကစားပြိုင်ပွဲတို့ကို ငြိမ်းချမ်းတဲ့ပွဲတော်တစ်ခုဖြစ်အောင်နဲ့ ကိုရီးယား နှစ်နိုင်ငံရဲ့ ရင်းနှီးမှုတိုးတက်လာအောင် ကျနော်တို့အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟု ချိုက သတင်း ထောက်များကို ပြောကြားခဲ့သည်။

“ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်တွေနဲ့ကိုက်ညီသွားအောင် ကျနော်တို့အားလုံး အစည်းအဝေးကို အလျင်စလို ပြုလုပ်သွားမှာမဟုတ်ပဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required