ARSA တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အမေရိကန်သံရုံးထုတ်ပြန်

ARSA တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အမေရိကန်သံရုံးထုတ်ပြန်
ဓာတ်ပုံ - U.S. Embassy Rangoon

 

ရန်ကုန် ၊ ဇန်နဝါရီ ၈ ။               ။ အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA) မှ မြန်မာလုံခြံုရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းအပေါ် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

"အကြမ်းဖက်လုပ်ရပ်သည် ရခိုင်ပြည်နယ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ပိုမိုအားနည်းမှုကိုသာ ဖြစ်ပေါ်စေပါသည်" ဟု အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က မောင်တောမြို့နယ် တရိန်ကျေးရွာအနီး တိုက်ခိုက်မှုသည် ARSA အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ပြီး ခုခံတိုက်ခိုက်မှုများ လုပ်သွားမည်ဟု ARSA အဖွဲ့က ယင်းတို့ အသုံးပြုနေသည့် Twitter စာမျက်နှာမှတစ်ဆင့်  ဇန်နဝါရီလ ရ ရက်နေ့ ထုတ်ပြန်ကြေညာထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာအစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က "ARSA  ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက တရားဝင်ထုတ်ပြန်ကြေညာထားတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့အစိုးရက လုံးဝလက်မခံဘူး။ အကြမ်းဖက်သမားကို အကြမ်းဖက်သမားအဖြစ် တုံ့ပြန်ရမှာပဲ" ဟုဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအတွင်းရှိ လုံခြံုရေး ရဲတပ်ဖွဲ့ စခန်းများ စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားခြင်းဖြစ်သည်။ ယင်းအကြမ်းဖက် ဖြစ်စဉ်များကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ၌ မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လူဦးပေါင်း ၆၅၀၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂဘက်က ထုတ်ပြန်ထားသည်။

ယင်းသို့ ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား  သဘောတူညီမှုရရှိခဲ့ပြီး ပထမအသုတ်အနေဖြင့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် လက်ခံသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags