မွန်ပြည်သစ်ပါတီက NCA လက်မှတ်ရေးထိုးရန် သဘောထားရှိ၊ အစိုးရနှင့် ဆက်လက် တွေ့ဆုံဆွေးနွေးသွားရန် UNFC ဆုံးဖြတ်

မွန်ပြည်သစ်ပါတီက NCA လက်မှတ်ရေးထိုးရန် သဘောထားရှိ၊ အစိုးရနှင့် ဆက်လက် တွေ့ဆုံဆွေးနွေးသွားရန် UNFC ဆုံးဖြတ်

 

ဇန်နဝါရီလ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္စိိျမ)။       ။ တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန်အတွက် အစိုးရနှင့် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားရန် ညီညွတ်သော တိုင်းရေးသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အရေးပေါ် အစည်းအဝးတွင် ဆုံးဖြတ်ခဲ့သည်။

ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်နေ့ထိ ကျင်းပခဲ့သော အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ (NMSP)က NCA လက်မှတ် ရေးထိုးမည်ဟု သဘောထားတင်ပြခဲ့သော်လည်း UNFC ဘက်မှ အဆိုပြုထားသော အချက် ၉ ချက်ကို ဆက်လက် ဆွေးနွေးသွားကြရန် UNFC က သဘောထားချမှတ်ခဲ့သည်ဟု UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

“သူတို့ အန်စီအေ လက်မှတ်ထိုးဖို့ သဘောထားရှိတယ်ဆိုတာ တင်ပြတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကလည်းဘဲ ဒါကို ကျနော်တို့ UNFC ဘက်မှ အသိအမှတ်ပြုတယ်ပေါ့လေ။ ဒါပေမဲ့ အန်စီအေ လက်မှတ်ထိုးရေးအတွက် အချက် ၉ ချက်ကို ညှိနှိုင်းဆွေးနွေးနေတာ ရှိတယ်။ ဖြစ်စဉ်ကတော ့အားလုံး အတူတကွ အချက် ၉ ချက် ဆွေးနွေးညှိနှိုင်းမှုကို ပြီးဆုံးအောင်ထိ အတူ ဆောင်ရွက်အုန်းမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းဇော်က ပြောသည်။

“မွန်ပြည်သစ်ပါတီအနေနဲ့ အန်စီအေ လက်မှတ်ထိုးဖို့ သဘောထားရှိတယ်ဆိုတဲ့ အဓိပ္ဗါယ်ပေါ့လေ။ ဒါပေမဲ့ UNFC နဲ့အတူတကွ သွားနေတဲ့ အချက် ၉ ချက် ညှိနှိုင်းမှု ရလဒ်ကိုလည်း သူတို့က လိုက်ပါအုန်းမှာ ဖြစ်ပါတယ်။ အန်စီအေ ထိုးတဲ့ အခါမှာလည်း UNFCအတူဖြစ်စေလိုတယ်ပေါ့ဗျာ။ ဆွေးနွေးမှုက မပြီးပြတ်သေးဘူး။ ချက် ၉ ချက် ညှိနိုင်းဆွေးနွေးမှု ပြီးပြတ်အောင်ထိ ကျနော်တို့အတူတူ ဆောင်ရွက်အုန်းမှာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

ထိုအစည်းအဝေးတွင် UNFC တပ်ပေါင်းစု၏ အထွေထွေ လုပ်ငန်းများနှင့် DPN နှင့် PC တို့အကြား ၁၇ လကြာ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

“ကျနော်တို့ ဆွေးနွေးမှု တိုင်းမှာ ရလဒ်ကောင်းတွေ ရှိတယ်။ အဲဒီရလဒ်တွေကို အကဲဖြတ်ပါတယ်။ ပြီးရင် နောက်ဆုံး ရောက်ရှိနေတဲ့အနေအထားမှာ တစ်ဆို့နေတာ တချို့ ရှိပါတယ်။ အဲဒီနောက်ဆုံး ရောက်ရှိနေတဲ့ အခြေအနေတွေကို အကဲဖြတ်ပြီးတော့ ဒီပီအန်အနေနဲ့ နှစ်ဖက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေး ကိစ္စကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ဖို့ သဘောထားချမှတ်ပါတယ်။ အဓိက ရှေ့လုပ်ငန်းစဉ် အဓိက အဲဒါလို့ ပြောလို့ ရပါတယ်”ဟု ဦးထွန်းဇော်က ပြောသည်။

ငြိမ်းချမ်ေးရးဖြစ်စဉ်နှင့် ပတ်သက်၍ UNFCမှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) မှ အဆိုပြုသော အချက် ၉ ချက်ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် ညှိနှိုင်းလျက်ရှိပြီး   နော်ကဆုံး တစ်ဆို့နေသည့် အချက်များအပေါ် အဖြေရရှိရန်အတွက် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းရန်နှင့် အခြားနည်းလမ်းများကိုလည်း ဆက်လက် ရှာဖွေ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် DPN နှင့် PC တို့အကြား နှစ်ဖက် ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး တွေ့ဆုံမည့် နေ့ရက် သတ်မှတ်ထားခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly