ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အားမရသေးကြောင်း ကျောင်းသား လူငယ်များကွန်ဂရက် အထွေထွေအတွင်းရေးမှူး ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အားမရသေးကြောင်း ကျောင်းသား လူငယ်များကွန်ဂရက် အထွေထွေအတွင်းရေးမှူး ပြော

 

ရန်ကုန် ဇန်နဝါရီ ၈ ။                  ။ လက်ရှိအစိုးရအကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားရသည့် အပိုင်းများရှိသလို အားမရသည့် အနေအထားများလည်း ရှိသည်ဟု မြန်မာနိုင်ငံ ကျောင်းသား လူငယ်များကွန်ဂရက်(SYCB)၏ အထွေထွေ အတွင်းရေးမှူး ကိုစောဂျက်စပီက ပြောသည်။

 

ယနေ့ ဇန်နဝါရီလ ၈ ရက် နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် Students and Youth Congress of Burma (SYCB) ၏ တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အထိမ်း အမှတ်အခမ်းအနားအပြီး မဇ္ဈိမသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

SYCB အနေဖြင့် စစ်မှန်သော ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရည်ရွယ် ချက်အတိုင်း လျှောက်လှမ်းကာ ပြည်တွင်းစစ် ရပ်စဲရေးနှင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများ   ပေါ်ပေါက်စေရန် ဦးတည်ချက်ထား ကြိုးပမ်းနေပြီး ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အားမရသည့် အနေအထားများရှိနေသည်ဟု မြန်မာနိုင်ငံ ကျောင်း သား လူငယ်များကွန်ဂရက်(SYCB)၏ အထွေထွေ အတွင်းရေးမှူး ကိုစောဂျက်စပီက ပြောသည်။

"ကျွန်တော်တို့အဖွဲ့အစည်းက ၁၁ ဖွဲ့ရှိတယ်ပေါ့နော် ၊ တိုင်းရင်းသားဒေသတွေမှာ အများဆုံးလှုပ်ရှားနေ တာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်ချို့ နေရာတွေမှာတော့ သိပ်ပြီးအားမရဘူးပေါ့နော်၊ တစ်ချို့အပိုင်းမှာတော့ အားရတယ်၊ ဒါပေမယ့် တစ်နိုင်ငံလုံးအနေအထားနဲ့ခြုံကြည့်ရင်တော့ တော်တော်လေးကို အားမရတဲ့အနေအထားမှာ ရှိတယ်" ဟု ကိုစောဂျက်စပီက မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ်များအတွင်း ကျောင်း သားလူငယ်များ ပိုမိုပါဝင်ခွင့်ရရေးများကို ဆက် လက်ဆောင်ရွက်သွားမည်ဟု ၄င်းက ဆက်လက် ပြောပြသည်။

SYCB ကို ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ လူ့ဘောင်သစ်ပါတီ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကျောင်းသားလူ ငယ်များ ပိုမိုပါဝင်ခွင့်ရရှိလာစေရန် အစိုးရအနေနှင့် ကျောင်းသားလူငယ်များ၏အသံကို နားထောင်ဖို့ လိုသည်ဟု မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့ဘောင်သစ်လူငယ်မှ မအိသဥ္ဇာမောင်က ပြောသည်။

" ကယားပြည်နယ်မှာ အန်တီက လူငယ်တွေနဲ့ ဆွေးနွေးပွဲလုပ်တယ်၊ အဲဒီအချိန်အတွင်းမှာပဲ လူငယ် ၅ ယောက် အဖမ်းခံလိုက်ရတယ်၊ ကယား ပြည်နယ်ကျောင်းသားသမ္မဂက ကျောင်းသား ၅ ယောက်၊ ဆိုတော့ ကျွန်မတို့လူငယ်တွေမှာ နိုင်ငံ ရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးပါ တောင်းဆိုနေ တယ်၊ သူတို့ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးတယ် ပြောနေတယ်၊ တစ်ကယ့် မြေပြင် အခြေအနေမှာတော့ ငြိမ်းချမ်းရေးလှုပ်ရှားနေတဲ့ လူငယ်တွေ၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်လှုပ်ရှားနေတဲ့ လူငယ်တွေက အခုထိ ဖမ်းဆီးထိန်းသိမ်းခံနေရ တယ်၊ အစိုးရပိုင်းကလည်း လူငယ်တွေအသံကို နားထောင်ဖို့လိုတယ်" ဟု လူ့ဘောင်သစ်လူငယ်မှ မအိသဥ္ဇာမောင်က ပြောသည်။

ယနေ့အခမ်းအနားကို ကျောင်းသားသမ္မဂများ၊ နိုင်ငံ ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးလှုပ်ရှားဆောင် ရွက်သူ ကျောင်းသားလူငယ်အဖွဲ့များ တက်ရောက် ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required