မူးယစ်ဆေးဖြတ်ပြီးသူများကို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

မူးယစ်ဆေးဖြတ်ပြီးသူများကို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

 

မန္တလေး၊ဇန်နဝါရီ ၈ ။              ။ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)မှ မူးယစ်ဆေးဖြတ်ပြီးသူများကို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်ဟု ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးဇော်ထိုက်လင်းကပြောသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက်၊နံနက် ၁၀နာရီက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၇၃လမ်း၊၁၀လမ်းနှင့်၁၂လမ်းကြားရှိ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)တွင် ၎င်းသင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဖြတ်ပြီးသူ ၂၀ ကို လတ်တလောတွင် ပုံနှိပ်လုပ်ငန်းနှင့်ကွန်ပျူတာသင်တန်းတို့ကို ၃၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"မူးယစ်သံသရာထဲ ပြန်ရောက်မသွားအောင်ရယ်။သူတို့ဘဝတွေ ပြန်လည်ရပ်တည်လို့ရအောင် ရည်ရွယ်ပြီးဖွင့်လှစ်သင်ကြားပေးသွားပါမယ်။နောက်ထပ် မူးယစ်ဆေးဖြတ်ပြီးသူများအနေနဲ့လည်း လာရောက်ဆက်သွယ် သင်တန်းတက်လို့ရပါတယ်"ဟု စခန်းမန်နေဂျာ ဦးဇော်ထိုက်လင်းကပြောသည်။

မူးယစ်ဆေးဖြတ်ပြီး သင်တန်းလာရောက်တက်သူတစ်ဦးက"ကျွန်တော်တို့ ဘဝအသစ်ကပြန်စချင်တယ်။ဒီသင်တန်းလေးက သင်ပေးလိုက်တဲ့ ပညာနဲ့ကောင်းကောင်းမွန်မွန် ရပ်တည်သွားမယ်။ ကျွန်တော်တို့လို လူငယ်တွေအနေနဲ့ မူးယစ်ဆေးကို သွားမစသင့်ဘူး"ဟုပြောသည်။

သင်တန်းတက်ရောက်သူများကို တည်ခိုနေထိုင်စားသောက်ရေးတို့ကို အစိုးရမှအကုန်အကျခံသွားမည်ဖြစ်ကြောင်းသိရသည်။

"သင်တန်းရက်ကတော့ မလုံလောက်ပါဘူး။ဒါပေမယ့် တတ်မြောက်အောင်သင်ပေးသွားပါမယ်"ဟုစခန်းမန်နေဂျာ ဦးဇော်ထိုက်လင်းကပြောသည်။

ယခုသင်တန်းပြီးဆုံးပါက ဧပြီလတွင်ထပ်မံ၍ သင်တန်းဖွင့်လှစ်ကာ ပိုးဇာပုံနှိပ်လုပ်ငန်း၊ကွန်ပျူတာ သင်တန်းတို့အပြင် နှင်းဆီကိုင်းကူး/ဆက် သင်တန်းနှင့်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းတို့ကိုထည့်သွင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးစခန်းကို ၁၉၉၁ခုနှစ်၊မေလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။အဆိုပါစခန်းတည်ထောင်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ဆေးကုသမှုခံယူပြီးသူများအား မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းရှင်းပြီး လူထုအဖွဲ့အစည်းအတွင်း ပြန်လည်နေထိုင် ဝင်ဆံ့လာစေရေးအတွက် လူမှုရေးအရပြန်လည်ထူထောင်ပေးရန်၊ဆေးဝါးကုသမှု ခံယူပြီးသူများအား တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဝါသနာထုံမှုအပေါ် မူတည်၍ ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်ရင်းသင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် မိမိဘဝရပ်တည်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required