ဖမ်းဆီးခံထားရသည့် အိန္ဒိယ ရေလုပ်သား ၁၄၀ ကျော်ကို ပါကစ္စတန် ပြန်လွှတ်ပေး

ဖမ်းဆီးခံထားရသည့် အိန္ဒိယ ရေလုပ်သား ၁၄၀ ကျော်ကို ပါကစ္စတန် ပြန်လွှတ်ပေး

ဇန်နဝါရီ ၈ ။             ။ ရေပိုင်နက် ကျော်လွန် ငါးခိုးဖမ်းမှုဖြင့် ပြီးခဲ့တဲ့ ရှစ်လအကြာကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အိန္ဒိယ ရေလုပ်သား ၁၄၇ ဦးအား ယခုအခါ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ပါကစ္စတန်ဘက်က ထုတ်ပြန်ပါတယ်။

ကရာချိ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အဆိုပါ အိန္ဒိယ ရေလုပ်သားတွေကို ယခုအခါ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

၎င်း ထိန်းသိမ်းခံ ရေလုပ်သား  ၁၄၇ ဦးကိုတော့ ဇန်နဝါရီလ ၈ ရက်မှာ ၀ါဂါ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ အိန္ဒိယအစိုးရတာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်မယ်လို့ ပါကစ္စတန်အစိုးရ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်တုန်းကလည်း အလားတူအတိုင်း ပါကစ္စတန်ရေပိုင်နက်ထဲ ကျော်လွန်ပြီး ငါးခိုးဖမ်းမှုနဲ့ ထိန်းသိမ်းခံထားခဲ့ရတဲ့ အိန္ဒိယရေလုပ်သား ၁၄၅ ဦးကို ပထမအသုတ်အနေနဲ့ ပါကစ္စတန်တို့ဘက် ပြန်လွှတ်ပေးထားခဲ့ပါသေးတယ်။

ယခုတစ်ကြိမ် လွှတ်ပေးမှုဟာ ဒုတိယအသုတ်လည်း ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် ငါးဖမ်းသမားတွေအနေနဲ့ ယခုလိုပဲ နယ်စပ်ကျော်လွန် ငါးဖမ်းမှုဖြင့် အပြန်အလှန် ဖမ်းဆီးထိန်းသိမ်းခံနေရလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required