မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် တွဲကစားရမည်ကို စိတ်လှုပ်ရှားမိကြောင်း ကော်တင်ဟိုဆို

မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် တွဲကစားရမည်ကို စိတ်လှုပ်ရှားမိကြောင်း ကော်တင်ဟိုဆို

 

ဇန်နဝါရီ ၈၊ စပိန် ။            ။ ဘာစီလိုနာအသင်းသို့ရောက်ရှိလာသည့် ကော်တင်ဟိုက မက်ဆီနှင့်ဆွာရက်ဇ်တို့လို ကစားသမားများနှင့်တွဲကစားရမည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ပြောဆိုလိုက်သည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းဖြင့် ခေါ်ယူခဲ့ပြီး ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်အရမ်းပျော်ပါတယ်။ အရင်က အမြဲပြောခဲ့သလိုပဲ ဘာစီလိုနာမှာ ကစားဖို့ အမြဲအိပ်မက်ခဲ့တာပါ။ ဘာစီလိုနာကို ပြောင်းရွှေ့နိုင်လို့ ကျွန်တော်တို့မိသားစုဝင်တွေအားလုံး ပျော်ရွှင်နေကြပါတယ်။

ပရိသတ်တွေပျော်ရွှင်အောင်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ဘောလုံးကစားပြီး ဆုဖလားတွေ ရယူပေးချင်ပါတယ်။ ဒါက အဓိက ရည်မှန်းချက်ပါပဲ။ ဘာစီလိုနာနဲ့ခမ်းနားတဲ့အောင်မြင်မှုတွေရယူထားကြတဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ အင်နီယေစတာ၊ ပီကေး၊ ဘတ်စ်ကွက်စ်တို့လို စံပြကစားသမားတွေနဲ့ တွဲကစားရမှာကို တကယ်ရင်ခုန်မိပါတယ်။ ဒါက တကယ်ကို မယုံကြည်နိုင်စရာပါပဲ။ သူတို့နဲ့အတူတွဲကစားပြီး သင်ယူနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဆုဖလားတွေအတူရယူနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ကော်တင်ဟိုက ဆိုသည်။

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူး ဆွာရက်ဇ်က ကော်တင်ဟိုကို ကြိုဆိုလိုက်ပြီး အသင်းတွင် အလျှင်အမြန်အထိုင်ကျစေရန် ကူညီသွားမည်ဖြစ်ကြောင်းနှင့် ၎င်းမှာ အရည်အချင်းပြည့်ဝသည့် ကစားသမားတစ်ဦးဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required