တရုတ်အရှေ့ကမ်းလွန်တွင် အီရန်ရေနံတင် သင်္ဘောနှင့် ဟောင်ကောင်ကုန်သင်္ဘော တိုက်မိမီးလောင်ပြီး လူ ၃၂ ဦး ပျောက်ဆုံးနေ

တရုတ်အရှေ့ကမ်းလွန်တွင် အီရန်ရေနံတင် သင်္ဘောနှင့် ဟောင်ကောင်ကုန်သင်္ဘော တိုက်မိမီးလောင်ပြီး လူ ၃၂ ဦး ပျောက်ဆုံးနေ

ဟောင်ကောင်၊ ဇန်နဝါရီ ၈ ။             ။ တရုတ်အရှေ့ဖက် ကမ်းလွန်သည် အီရန်ရေနံတင်သင်္ဘောတစ်စင်းက အကြီးစား ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိမီးလောင်ပြီး အီရန်သင်္ဘောပေါ်မှ အမှုထမ်း ၃၂ ဦးစလုံး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဇန်နဝါရီ ရ ရက်က  ပြောသည်။

အီရန်ရေနံတင်သင်္ဘော Sanchi တွင် လိုက်ပါလာသူ အမှုထမ်းအားလုံးဖြစ်သော အီရန်နိုင်ငံသား ၃၀ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့့ ပျောက်ဆုံးနေခြင်းဖြစ်သည်။

တိုက်မိမှုကြောင့် ရေနံများ ယိုဖိတ်ကာ ဇန်နဝါရီ ရ ရက် အစောပိုင်းအထိ မီးလောင်လျက်ရှိနေပြီး တရုတ်ရဲကင်းလှည့်သင်္ဘောနှင့် ရှင်းလင်းရေးသင်္ဘောများကို စေလွှတ်ထားကြောင်း တရုတ်ရေကြောင်း အာဏာပိုင်များက ဆိုသည်။

ဇန်ဝါရီ ရ ရက် နေ့လည်ချိန်အထိ အီရန်သင်္ဘောမှ မီးလောင်ကာ မီးခိုးများ အူထွက်နေပုံကို တရုတ်နိုင်ငံပိုင်သတင်းက ထုတ်လွှင့်သည်။

ရှာဖွေရေးလုပ်ငန်းတွင် အကူအညီပေးရန် တောင်ကိုရီးယားနိုင်ငံ ကမ်းခြေစောင့်အဖွဲ့ကလည်း သင်္ဘောတစ်စီး စေလွှတ်ထားသည်။

ပနားမားမှတ်ပုံတင်ထားသော အီရန်မှ တောင်ကိုရီးယားသို့ ခုတ်မောင်းလာသည့် ယင်းရေနံတင်သင်္ဘောသည် ဇန်နဝါရီ ၆ ရက် ညနှောင်းပိုင်းတွင် ဟောင်ကောင်မှတ်ပုံတင် CF Crystal 257 ကုန်တင်သင်္ဘောနှင့် ရှန်ဟိုင်းကမ်းလွန်တွင် တိုက်မိခြင်း ဖြစ်ကြောင်း တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဟောင်ကောင်မှတ်ပုံတင် တရုတ်သင်္ဘောမှ အမှုထမ်း တရုတ်နိုင်ငံသား ၂၁ ဦးစလုံးကို ကယ်ဆယ်နိုင်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ သင်္ဘောနှစ်စီး တိုက်မိရသည့် အကြောင်းအား လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Sanchi သင်္ဘောသည် ရေနံ တန်ချိန် တစ်သိန်းခွဲ တင်ဆောင်လာခြင်းဖြစ်ကာ Crystal သင်္ဘောမှာ အမေရိကန်မှ ဂျုံများ တင်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required