တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ

တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ

ရေးသားသူ Dr. Khin Yin Kyay
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

လူတွေဟာ သူတို့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ လာရတဲ့ ဘဝမှတ်တိုင်တွေနဲ့ စိတ်ခံစားမှုတွေကို သက်သေထူရန် သူတို့ရဲ့ခန္ဓာကိုယ်မှာ တက်တူးတွေကို ထိုးကြပါတယ်။ တက်တူးထိုးခြင်းဟာ နာကျင်စေတဲ့ အပြင်ရှုပ်ထွေးပြီး သေချာဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က ပြောရမယ်ဆိုရင်လည်း တက်တူးထိုးပြီးတဲ့ အခါမှာ လူအများဟာ ၎င်းကို ပြန်ဖျက်ချင်ကြပါတယ်။ သို့သော် မှန်မှန်ကန်ကန် ဖျက်ဖို့ရာ နည်းလမ်းတွေအကြောင်းကို မစဉ်းစားကြပါဘူး။ ယခုဖော်ပြမယ့် ဆောင်းပါးဟာ တက်တူးအမျိုးအစားနှင့် တက်တူး တွေ အကြောင်းအပြင် ၎င်းကို ဖယ်ရှားဖို့ရာ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို နားလည်စေရန် ပြောပြမှာ ဖြစ်ပါတယ်။

တက်တူးတစ်ခုကို ဘယ်လိုဂရုစိုက်ရမလဲ

တက်တူးထိုးပြီးပြီးခြင်းမှာ ချက်ချင်း ဂရုစိုက်ပေးရမည့် အချက်များ

တက်တူးထိုးပြီးလို့ ၁ နာရီ နှင့် ၃ နာရီ ကြားမှာ ပတ်တီးစည်းပေးထားခြင်း သို့မဟုတ်  အုပ်ပေးထားခြင်း ကိုပြုလုပ်ပေးရပါမယ်။ ဒီပတ်တီးဟာ သင့်ရဲ့ လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတဲ့ တက်တူးရဲ့ မှင်တွေနဲ့ သွေးတွေကို စုပ်ပါလိမ့်မယ်။ တက်တူး အမျိုးအစား တစ်ခုချင်း ပေါ် မူတည်ပြီး အုပ်ထားပေးရတဲ့ အချိန်ဟာလည်း အမျိုးမျိုး ကြာနိုင်ပါတယ်။

ထိုးထားတဲ့ တက်တူးကို သန့်စင် စေဖို့ရာအတွက် ပိုးမဝင်စေအောင် ၎င်းကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ဘတ်တီးရီးယားပိုး ကာကွယ်ပေးသော အနံ့မပါသည့် ဆပ်ပြာနဲ့ အကြိမ်ကြိမ် ဆေးကြောပေးသင့်ပါတယ်။ တက်တူး အနာမကျက်မခြင်း ဒီအလေ့အထကို ဆက်လက် ထိန်းသိမ်းပြီး ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ လက်မဆေးရသေးဘူးဆိုရင် တက်တူးကို မထိဖို့ရာ သတိရပါ။

တက်တူးကို ဒီလိုဆေးကြော သန့်စင်ပြီးတဲ့ အခါမှာ အဆီတစ်ခုကို လိမ်းပေးခြင်းအားဖြင့် ရေဓာတ်ပြည့်ဝနေအောင် လုပ်ပါ။ ဒီလိုပြုလုပ်ခြင်းကိုိ ပထမပိုင်း ရက်အနည်းငယ်အတွင်းမှာပဲ   ပြုလုပ်ပေးသင့်ပါတယ်။ သို့သော် တက်တူးအနာ အမြန်ကျက် စေဖို့ရာအတွက် ပါးပါးလေးပဲ လိမ်းပေးသင့်ပါတယ်။ အဆီတွေ အများကြီးလိမ်းပေးခြင်း အားဖြင့် ၎င်းဟာ အနာကျက်ခြင်းကို နှေးစေနိုင်ပါတယ်။

ဒီလို အဆီလိမ်းပြီး ရက်အတော်အကြာပြီးတဲ့ အခါမှာ လိုးရှင်းကို လိမ်းပေးသင့်ပါတယ်။

တက်တူးကိုလည်း လွတ်လွတ်လပ်လပ် ထားပေးဖို့ရာ အရမ်းကြပ်သော အဝတ်အစားတွေကို မဝတ်ပါနဲ့။ တက်တူးထိုးထားတဲ့ အရုပ်ပေါ်မှာ ခေါင်းအုံးပြီး အိပ်စက်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ တက်တူးကို အဝတ်အစားတွေနဲ့ ပွတ်တိုက်မယ်ဆိုရင်လည်း တက်တူးအရုပ်မှ မှင်ပျံ့ခြင်း သို့မဟုတ် တက်တူး ပုံပျက်သွားခြင်း ဖြစ်နိုင်ပါတယ်။

တက်တူး ဒဏ်ရာ ကျက်နေတဲ့ အချိန်အတောအတွင်းမှာ ရေကူးခြင်း၊ ရေစိမ်ချိုးခြင်း သို့မဟုတ် ချွေးအလွန်ထွက်စေသော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် တက်တူးထိုးပြီး ပထမ ၂ပတ်အတွင်းမှာ နေရောင်နှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။ တကယ်လို့သာ ဒီလိုတွေ လုပ်ခဲ့မယ်ဆိုရင် တက်တူးကို ပျက်စီးစေနိုင်ပြီး အနာကျက်တဲ့ ဖြစ်စဉ်ကိုလည်း   နှေးသွားစေပါတယ်။

ရေချိုးတော့မယ်ဆိုရင် ရေဟာအရမ်းမပူစေဖို့နဲ့ အချိန်အကြာကြီး မချိုးမိစေဖို့ရာ အရေးကြီးပါတယ်။

တက်တူးကို ဖောက်ခြင်း၊ ထိုးခြင်း သို့မဟုတ် ကုတ်ခြင်း မပြုလုပ်ရပါဘူး။ ဒီလိုလုပ်မယ်ဆိုရင် တက်တူးကို ပျက်စီးစေနိုင်ပြီး အရောင်ကိုထိခိုက်စေပါတယ်။

တက်တူးဒဏ်ရာ ကျက်ပြီးနောက် ရေရှည် ဂရုစိုက်သင့်တဲ့ အရာများ

တက်တူးဟာ ဒဏ်ရာ လုံးဝ ကျက်ပြီးတဲ့ နောက်မှာ နေရောင်ထဲသို့ မထွက်ခင် နေလောင်ခံခရင်မ်ကို လိမ်းပေးရပါမယ်။

တက်တူးရှိနေတဲ့ အသားအရေကို အမြဲတမ်း အစိုဓာတ် ထိန်းပေးထားရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ တက်တူးအရောင်မှိန်သွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

တက်တူးတွေကို ဘယ်လိုစနစ်တကျ ဖယ်ရှားကြမလဲ။

တက်တူးတစ်ခုကို ဖယ်ရှားဖို့ရာအတွက် အန္တရာယ်အကင်းဆုံး နည်းလမ်းကတော့ ကျွမ်းကျင်တဲ့ တက်တူးဖယ်ရှားတဲ့ ပညာရှင်နှင့် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အိမ်သုံးကုထုံးတွေဟာ အန္တရာယ်လုံးဝ မကင်းပါဘူး။

သင်ဟာ တကယ်လို့ တက်တူးကို ဖယ်ရှားချင်တဲ့ အခါမှာ နည်းလမ်းအများကြီး စဉ်းစားလို့ရပါတယ်။

တက်တူးဖယ်ရှားတဲ့ အခါမှာ အသုံးအများဆုံး နည်းလမ်းကတော့ လေဆာသုံးပြီး ဖျက်ခြင်းပဲ ဖြစ်ပါတယ်။ လေဆာ သုံးပြီးဖျက်ခြင်း အပြင် cryotherapy (အေးခဲကုသခြင်း) ၊ chemical peels လို့ခေါ်တဲ့ ဓာတုပစ္စည်းဖြင့် ချေးချွတ်ပစ်လိုက်ခြင်း၊ ခွဲစိတ်ကုသခြင်း သို့မဟုတ် dermabrasion (ကိရိယာသုံးပြီး အပေါ်ယံအလွှာ ဖယ်ရှားခြင်း) စသဖြင့် အခြားသော နည်းလမ်းများလည်း ရှိပါတယ်။

နာမည်ကြီးပြီး ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင် ပညာရှင်ကို တက်တူးဖျက်ခြင်း ပြုလုပ်ရန် ရွေးချယ် သင့်ပါတယ်။

သင့်ရဲ့ တက်တူးဖျက်ဖို့အတွက် အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်ပါ။

တက်တူးတွေ ဖယ်ရှားဖို့ရာ နည်းလမ်းများ။

လေဆာ

ဒီနည်းလမ်းဟာ ပမာဏများတဲ့ အလင်းတန်းစုကြီးကို အသုံးပြုပြီး တက်တူး ဖျက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီအလင်းတန်းစုကြီးဟာ အရေပြားအရောင်နှင့် နှိုင်းယှဉ်ကြည့်ပြီး မှင်တွေကို ရှာဖွေပါတယ်။ အဲ့နောက်မှာ ဒီမှင်တွေကို အစိတ်အပိုင်းသေးသေးလေးတွေဖြစ်အောင် ဖြိုခွဲပစ်လိုက်ပြီး ခန္ဓာကိုယ်က စုပ်ယူသွားအောင် ပြုလုပ်ပါတယ်။

dermabrasionermabrasion

ဒီနည်းလမ်းမှာဆိုရင် အရေပြားကို ထုံစေတဲ့ဆေးတွေ ပေးဖို့လိုအပ်ပြီး တက်တူးအောက်မှာ ရှိတဲ့ အရေပြားအလွှာကို ပေါ်လာအောင် တိုက်စားပစ်လိုက်ပါတယ်။ ဒီနည်းအားဖြင့် မှင်တွေဟာလည်း ပျက်သွားပါတယ်။ မှင်တွေကို ဖယ်ရှားပစ်လိုက်ပါတယ်။

ခွဲစိတ်ကုသခြင်း

တကယ်လို့တက်တူးဟာ အရမ်းမကြီးဘူးဆိုရင် ၎င်းကို လုံးဝ ဖယ်ရှားပစ်လိုက်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ တက်တူးထိုးတဲ့ အရေပြားကို ဖြတ်တောက်ပစ်လိုက်ပြီး အနာကို ပြန်ချုပ်လိုက်ပါတယ်။

Cryotherapy

ဒီနည်းလမ်းမှာ ဆိုရင်တော့ တက်တူးကို ခဲသွားအောင် ပြုလုပ်ပြီးတဲ့နောက် နိုက်ထရိုဂျင်အရည်နဲ့ ၎င်းတက်တူးကို လောင်ကျွမ်းစေခြင်းပဲ ဖြစ်ပါတယ်။

ဓာတုပစ္စည်းများ သုံးပြီး ချေးချွတ်ခြင်း

၎င်းနည်းလမ်းဟာ တက်တူးကို ချေးချွတ်စားပစ်လိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို cryotherapy နည်းလမ်းနှင့် ယှဉ်တွဲပြီး သုံးခြင်းဟာ လေဆာနည်းလမ်းသုံးခြင်းလောက်တော့ အကျိုးသက်ရောက်မှု မကောင်းပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လေဆာနည်းက တက်တူးတစ်ခုလုံးကို ဖယ်ရှားပေးနိုင်တဲ့အတွက် ဖြစ်ပါတယ်။

အနာမကျက် သေးတဲ့ တက်တူးအသစ်တစ်ခုကို ဂရုစိုက်ဖို့ရာ အမှန်တကယ်ကို အရေးကြီးပါတယ်။ ဒီလိုပါပဲ တက်တူးကို ဖယ်ရှားတဲ့ အခါမှာလည်း အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေကို သုံးပြီး ဖယ်ရှားရမှာဖြစ်ပါတယ်။ ဒါကြောင့် တက်တူးမထိုးခင်မှာ နှစ်ကြိမ် နှစ်ခါ ပြန်လည် စဉ်းစားဆုံးဖြတ် သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly