မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးလိုကြောင်း ထရမ့်ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးလိုကြောင်း ထရမ့်ပြောကြား

၀ါရှင်တန်၊ ဇန်နဝါရီ ရ ။            ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့် ဆွေးနွေးသွား ချင်သလို လာမည့် ဖေဖေါ်ဝါရီလတွင်   တောင်ကိုရီးယား၌ကျင်းပမည့် ဆောင်းရာသီအိုလံပစ်အတွက်လည်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ တွေ့ဆုံဆွေးနွေးမှု ကောင်းမွန်စွာဖြစ်ပေါ်လာဖို့ မျှော်လင့်ကြောင်း စနေနေ့က ပြောဆိုခဲ့သည်။

ကမ့်ဒေးဗစ်၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဒေါ်နယ်ထရမ့်အား အကယ်၍သူ့အနေဖြင့် ကင်မ်ဂျံုအမ်း နှင့် တယ်လီဖုန်းဆက်သွယ်ပြောဆို၍ ဆွေးနွေးဖို့စိတ်ဝင်စားမလားဟု မေးမြန်းခဲ့ရာ၌ ထရမ့်က သူသည် ပြောဆိုဆွေးနွေးဖြစ်ဖို့ အမြဲယုံကြည်ထားကြောင်း ဖြေကြားခဲ့သည်။

“ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ခင်ဗျားတို့သိပါတယ်။ ကျနော်တို့က အရမ်းကိုခိုင်မာပါတယ်။ ဒါပေမယ့် ကျနော် ကင်မ်နဲ့အတူ ပြောဆိုဆွေးနွေးသွားမှာပါ။ အဲ့ဒါနဲ့ပက်သက်ပြီး ဘာပြသနာမှမရှိပါဘူး” ဟု ထရမ့်က ဆိုခဲ့သည်။

သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင်ကြီးနှင့် အတူထိုင်၍ တွေ့ဆုံဆွေးနွေးမည်လားဟု မေးမြန်းခဲ့ရာ၌ ထရမ့်က “ကျနော်ပြောတဲ့ပုံစံက အဲ့ဒီလိုမဟုတ်ပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။

“ဒီမှာ၊ လောလောဆယ် ကျနော်တို့ပြောနေတာက အိုလံပစ်အကြောင်းပါ။ ဒါဟာ အစတစ်ခုလည်းဖြစ်ပါတယ်။ ကြီးမားတဲ့အစပါပဲ။ ကျနော်သာ ပါ၀င်မပက်သက်ခဲ့ဖူးဆိုရင် သူတို့လည်း အခုလို အိုလံပစ်အတွက် ပြောဆို ဆွေးနွေးနိုင်မှာမဟုတ်ပါဘူး” ဟုလည်း ထရမ့်က ပြောဆိုခဲ့သည်။

ဒါ့အပြင်ထရမ့်က မြောက်ကိုရီးယား အားကစားသမားများအနေဖြင့် တောင်ကိုရီးယား၌ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်စေလိုကြောင်း ပြောဆိုခဲ့သလို အိမ်နီးချင်းနိုင်ငံများအနေနှင့်လည်း အားကစားပွဲပြီးဆုံးချိန်တွင် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုခဲ့သည်။

ပြီးခဲ့သော စနေနေ့က တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များသည် လာမည့် အင်္ဂါနေ့တွင် အဆင့်မြင့်အစည်းအဝေးပွဲ ပြုလုပ်ရန်အတွက် ကနဦးဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲသည် ပြီးခဲ့သော ၂ နှစ်ကျော်အတွင်း တောင်၊မြောက် နှစ်နိုင်ငံ၏ ပထမဦးဆုံးအကြိမ် ဆွေးနွေးမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required