မြန်မာပြည်တွင်းသို့ ပြန်ဝင်လာရန် စိတ်ထက်သန်စွာ စောင့်မျှော်နေသည့် ဟိန္ဒူဒုက္ခသည်များ

မြန်မာပြည်တွင်းသို့ ပြန်ဝင်လာရန် စိတ်ထက်သန်စွာ စောင့်မျှော်နေသည့် ဟိန္ဒူဒုက္ခသည်များ
Photo-AFP

ပြီးခဲ့သောနှစ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့အပြီးတွင် ယခုအခါ ဟိန္ဒူလယ်သမားကြီး ဆူရော့ဒ်ဟွန်ပယ်သည် သူ၏ အထုပ်များ ကို အသင့်ထုပ်ပိုးထားပြီး မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်လာရန် စိတ်အားထက်သန်လျက်ရှိသည်။

သို့သော်လည်း သူသည် မြန်မာနိုင်ငံထဲသို့ ပြန်ဝင်လာလိုသည့် ဒုက္ခသည်အနည်းစုထဲမှ တစ်ဦးဖြစ်ပြီး ဒုက္ခသည် အများစုမှာမူ သူတို့၏နေရပ်သို့ ပြန်လာရန်အတွက် ထိတ်လန့်စိုးရွံ့လျက်ရှိသည်။

ပြီးခဲ့သောနှစ် သြဂုတ်လကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ထွက်ပြေးခိုလှုံခဲ့ကြသည့် ဒုက္ခသည်ပေါင်း ၆၅၅၀၀၀ ကျော်ခန့်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ယခုလအကုန် တွင် မြန်မာနိုင်ငံအတွင်းသို့ စတင်ပြန်ပို့ချင်နေသည်။

ဒုက္ခသည်အများစုမှာ ဘင်္ဂါလီမွတ်စလမ် များဖြစ်ကြပြီး ၄င်းတို့၏ နိုင်ငံသားဖြစ်မှု(မဖြစ်မှု)သည် အငြင်းပွားဖွယ်အခြေအနေတွင်ရှိနေသည်။

 မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး အကြမ်းဖက်မှုများကို ကြံုတွေ့ရခြင်းထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ပေရေစုတ်ချာသော စခန်းများအတွင်း၌သာ နေထိုင်ကြရန် ပိုမိုလိုလားသည်ဟု ဘင်္ဂါလီဒုက္ခသည်များက ဆိုခဲ့ကြသည်။

သို့သော်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီများနှင့်အတူ နေထိုင်ခဲ့ကြပြီး ယခုဖြစ်ပွားနေသည့် ၀ရုန်းသုန်းကားအခြေအနေထဲ၌ ပိတ်မိနေကြသည့် ဟိန္ဒူအသိုင်းအဝိုင်းကမူ မြန်မာနိုင်ငံအတွင်းသို့သာ ပြန်ဝင် လာနိုင်ရန် ပိုမိုလိုလားနေသည်။

“ကျနော်တို့ လုံခြံုရေးနဲ့ အစားအစာတွေလိုအပ်ပါတယ်။ အာဏာပိုင်တွေက ကျနော်တို့ကို ဒီလိုအာမခံမှုတွေ ပေးနိုင်မယ်ဆိုရင် ကျနော်တို့ ပျော်ပျော်ကြီးကို ပြန်လာမှာပါ” ဟု အသက် ၅၅ နှစ်အရွယ်ရှိ ပယ်လ်က ဆိုခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂက ကျနော်တို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါတယ်။ ဒါပေမယ့် အခုအခါမှတော့ ကျနော်တို့ဟာ အထုပ်အပိုးတွေကို ပြင်ဆင်ထားပြီး ကျနော်တို့ရဲ့နိုင်ငံထဲကို ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု သူက ဆက်ပြောခဲ့သည်။

လွန်ခဲ့သော နိုဝင်ဘာလက မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် လာမည့်ဇန်နဝါရီလ ၂၃ရက်နေ့တွင် အသက်ဝင်မည့် ဒုက္ခသည်များအားနေရပ်ပြန်ပို့ပေးရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ကြသလို ပြီးခဲ့သောလက ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည် ၁၀၀၀၀၀ ခန့်ပါ၀င်သည့် စာရင်းတစ်ခုအား မြန်မာအစိုးရ ကို ပေးပို့ခဲ့သည်။

သို့သော်လည်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ဒုက္ခသည်များကို ၄င်းတို့၏ဆန္ဒနှင့်ဆန့်ကျင်ပြီး မြန်မာနိုင်ငံအတွင်းသို့ အတင်းအကြပ်ပြန်မပို့သင့်ကြောင်း ပြောဆိုခဲ့ပြီး ယခုအချိန်ထိ ဟိန္ဒူဒုက္ခသည် ၅၀၀ ခန့် ကသာ မြန်မာနိုင်ငံအတွင်းရှိ မိမိတို့၏နေရပ်သို့ ပြန်လည်နေထိုင်လိုကြောင်း ဖွင့်ဟပြောဆိုထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly