မန္တလေးတွင် ဘီယာဆိုင် ရောက်ရှိလာသူ ခါးပုံစအတွင်းမှ စိတ်ကြွဆေးပြား ၅ဝဝဝ ဖမ်းမိ

မန္တလေးတွင် ဘီယာဆိုင် ရောက်ရှိလာသူ ခါးပုံစအတွင်းမှ စိတ်ကြွဆေးပြား ၅ဝဝဝ ဖမ်းမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ ဇန်နဝါရီလ ၆ ။                ။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်း၊ လမ်းကြားအတွင်းရှိ ဘီယာဆိုင်သို့ ဆိုင်ကယ်ဖြင့် လာရောက်သူ ပုဆိုးခါးပုံစအတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၅ဝဝဝ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မန္တလေးမူးယစ်တပ်ဖွဲ့စု(၁၇) ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၅ ရက်၊ ညနေ ၄ နာရီ၊ ၅ မိနစ် အချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ အဆိုပါ ဘီယာဆိုင်မှ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘီယာဆိုင်သို့ စူပါကပ်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အသက် ၃၂ နှစ်အရွယ် ဇော်မျိုးထိုက် (ခ) ထိုက်ထိုက်၊ အသက် ၃၆ နှစ်အရွယ် စောထူးဆိုသူနှင့် အသက် ၃၄ နှစ်အရွယ် စောလှိုင်ထူး(ခ)ဘလော(ခ) ဆံရှည် ဆိုသူတို့ ၃ ဦးတို့ကို ရဲတပ်ဖွဲ့မှ ရပ်တန့်ရှာဖွေခဲ့ရာမှ ဇော်မျိုးထိုက်(ခ)ထိုက်ထိုက်ဆိုသူ ပုဆိုးခါးပုံစ အတွင်းမှ ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ ပြားစီပါ ၂၅ ထုပ်၊ ဆေးပြားပေါင်း ၅ဝဝဝ ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် ဆေးပြားများမှာ အလေးချိန် ၅ဝဝ ဂရမ်ရှိပြီး တစ်ပြားလျှင် ဒေသပေါက်စျေး ၅ဝဝဝ ကျပ်ဖြင့် စုစုပေါင်း ကျပ်သိန်း ၂၅ဝ တန်ဖိုးရှိကြောင်း သိရသည်။

ဖမ်းဆီးထားသော ဇော်မျိုးထိုက်(ခ)ထိုက်ထိုက်ဆိုသူအပါအဝင် ၃ ဦးထံမှ ရဲတပ်ဖွဲ့က ဆေးပြားများအပြင် လက်ကိုင်ဖုန်း ၁ လုံး၊ ဆိုင်ကယ်တစ်စီးကိုပါ သိမ်းဆည်းခဲ့ပြီး ၎င်းတို့ ၃ ဦးကို လက်ရှိတွင် အောင်မြေသာ စံမြို့နယ်၊ အမှတ်(၄) နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly