အဂတိကော်မရှင်ထံ ပြည်ထဲရေးဝန်ကြီးဌာန အများဆုံးတိုင်ကြားခံရ

အဂတိကော်မရှင်ထံ ပြည်ထဲရေးဝန်ကြီးဌာန အများဆုံးတိုင်ကြားခံရ
နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းအတွင်းရှိ ကော်မရှင်ရုံးတွင် ဇန်နဝါရီ ၆ရက်က ကော်မရှင်အဖွဲ့ဝင်များ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ အသစ်ဖွဲ့စည်းလိုက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် သက်တမ်း ၂လနီးပါးအတွင်း ကော်မရှင်ထံ တိုင်ကြားလာသည့် တိုင်စာများအနက် ပြည်ထဲရေးဝန်ကြီးဌာနအား တိုင်ကြားမှု အများဆုံးဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောသည်။

နိုဝင်ဘာ ၂၃ရက်က စတင်ဖွဲ့စည်းလိုက်သည့် ကော်မရှင်ထံ ဒီဇင်ဘာ ၃၁ရက်အထိ တိုင်ကြားစာ စုစုပေါင်း ၃၉၂စောင် ရောက်ရှိခဲ့ပြီး ထိုအထဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက အများဆုံး တိုင်ကြားခံရခြင်း ဖြစ်သည်။

“ပြည်ထဲရေးဝန်ကြီးဌာနကတော့ လုပ်ငန်းဆောင်ရွက်မှုတွေ တအားလည်းများတယ်။ လုပ်ကိုင်ရတာတွေလည်း ခက်ခဲတဲ့အတွက်ကြောင့် သူတို့ရဲ့ တိုင်စာတွေ၊ မကျေနပ်ချက်တွေပေါ့နော်၊ အုပ်ချုပ်ရေးပိုင်းနဲ့ မကျေနပ်ချက်တွေ၊ တိုင်ကြားစာတွေကတော့ များပါတယ်” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး(အငြိမ်းစား)လည်း ဖြစ်သူ ဒေါ်လဲ့လဲ့သွင်က ပြောသည်။

အများဆုံးတိုင်ကြားခံရသည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ အကျဉ်းဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားသည်။ သို့သော် ပြည်ထဲရေးဝန်ကြီးဌာနထံ ရောက်ရှိသည့် တိုင်ကြားစာ အရေအတွက် အတိအကျကိုမူ ကော်မရှင်က ပြောကြားခြင်း မရှိပေ။

လက်ရှိ ကော်မရှင်ဥပဒေအရ ဝန်ကြီးဌာနများမှ တာဝန်ရှိသူတစ်ဦးဦးထံ တိုင်ကြားလာသည့် တိုင်ကြားစာများကို ကော်မရှင်အနေဖြင့် အဆိုပါဝန်ကြီးဌာနသို့ လွှဲပြောင်းစိစစ်ခိုင်းရပြီး ဝန်ကြီးဌာနဘက်မှ သတ်မှတ်ချိန်အတွင်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာမှသာ ကော်မရှင်က ဆက်လက် ဆုံးဖြတ်ရခြင်း ဖြစ်သည်။

“အဲ့ဒါတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်၊ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ စိစစ်ရမယ့်အမှုတွေ ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ကိုပဲ ပြန်ပြီး လွှဲပေးပါတယ်။ လွှဲပြီးရင်လည်း သူတို့ဘာလုပ်ထားသလဲဆိုတာ ကျွန်မတို့ ပြန်ပြီးတောင်းပါတယ်” ဟု ဒေါ်လဲ့လဲ့သွင်က ဆိုသည်။

လက်ရှိ ကော်မရှင်သက်တမ်းအတွင်း ရောက်ရှိလာသည့် တိုင်ကြားစာပေါင်း ၃၉၂စောင်အနက် တိုင်ကြားစာ ၂၀၀ခန့်ကို သက်ဆိုင်ရာဌာနများထံ လွှဲပြောင်းစိစစ်ခိုင်းထားပြီး ကော်မရှင်က စိစစ်ဆဲအမှုပေါင်းမှာ ၁၈၈မှု ရှိနေသည်။

ကော်မရှင်၏ စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးနေသည့်အမှုမှာမူ ၃မှု ရှိနေသည်ဟု တိုင်ကြားစာအမှုတွဲစာရင်းများအရ သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၃ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး အောက်ခြေဝန်ထမ်းများကိုသာ အဂတိလိုက်စားမှုဖြင့် အရေးယူမှုတစ်ချို့ရှိသော်လည်း ရာထူးကြီးသည့် အရာရှိများကိုမူ အရေးယူနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူပါ နှစ်ဦးနှစ်ဖက် ကျေနပ်မှုကြောင့် ဖြစ်သည်ဟု ကေ်မရှင်အဖွဲ့ဝင် ဦးဟန်ညွှန့်က သုံးသပ်သည်။

“နှုတ်ပိတ်နေသည့်အတွက် အကြီးကြီးတွေမမိ၊ အသေးလေးတွေမိ အဲ့လိုဖြစ်တဲ့သဘော” ဟု ၎င်းက ဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်တွင် ဥက္ကဌအဖြစ် ပြန်ကြားရေးဝန်ကြီး(အငြိမ်းစား) ဦးအောင်ကြည်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူး(အငြိမ်းစား) ဦးစန်းဝင်းက အတွင်းရေးမှူးနှင့် ရဲချုပ်(အငြိမ်းစား) ဦးဇော်ဝင်းက အဖွဲ့ဝင် စသဖြင့် စုစုပေါင်း ၁၂ဦး ပါဝင်သည်။

ယနေ့လ ၂၂၊ ၂၃ရက်တွင် ရန်ကုန်မြို့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းဆောင်ရွက်သော '' အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့'' (Promote Integrity to Counter Corruption) ဟူသော ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားဆွေးနွေးပွဲတစ်ခု ကျင်းပသွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags